
အနာဂတ်နဲ့ပတ်သက်ပြီး ထုတ်ဖော်ပြောကြားလာတဲ့ ဂျာအိုဖီးလစ်
အေစီမီလန်အသင်းမှာ အငှားကစားနေတဲ့ တိုက်စစ်မှူး ဂျာအိုဖီးလစ်က အနာဂတ်နဲ့ပတ်သက်ပြီး ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ဒီရာသီချဲလ်ဆီးအတွက် ပြိုင်ပွဲစုံ ၂၀ ပွဲမှာ ၇ ဂိုးအထိသွင်းယူနိုင်ခဲ့ပေမယ့် ပရီးမီးယားလိဂ်မှာ ၃ ပွဲသာ ပွဲဦးထွက်ပါဝင်ခွင့်ရရှိခဲ့သလို ပွဲထွက်ခွင့်ပျောက်ဆုံးတာကြောင့် စိတ်ပျက်နေပါတယ်။
အဆိုပါအခြေအနေတွေကြောင့် ဇန်နဝါရီအပြောင်းအရွှေ့မှာ အေစီမီလန်အသင်းထံ အငှားနဲ့ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။ အသက် ၂၅ နှစ်သားဟာ အေစီမီလန်မှာ ပွဲဦးထွက်ပါဝင်ခွင့်ရရှိခဲ့ပြီးနောက် ရိုးမားနဲ့ပွဲမှာ ပွဲဦးထွက်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။
အစောပိုင်းစွမ်းဆောင်ရည်တွေကြောင့် ဖီးလစ်တစ်ယောက် ဘောလုံးကစားရတာကို ပျော်ရွှင်နေပြီး အီတလီမြေကို အပြီးသတ်ပြောင်းဖို့ စဉ်းစားနေတယ်လို့ သတင်းတွေက ဆိုပါတယ်။
“အခုတော့ ကျွန်တော် အငှားနဲ့ဇွန်လအထိ ကန်ရဦးမှာပါ။ အဲ့တာပြီးရင်တော့ ဘာဆက်ဖြစ်မလဲဆိုတာ စောင့်ကြည့်ရပါမယ်။ ကျွန်တော် ဒီမှာရှိနေတဲ့အရာအားလုံးကို ကြိုက်ပါတယ်။ ကျွန်တော့်မိသားစုကိုလည်း ဒီကနွေးနွေးထွေးထွေးကြိုဆိုကြပါတယ်။ ဒီမှာ ခံစားချက်ကောင်းကောင်းရပါတယ်။ ဘောလုံးမှာ အရာအားလုံးက ပြောင်းလဲနိုင်ပါတယ်။ ဒါပေမယ့် တကယ်လို့ ဒီမှာဆက်နေနိုင်မယ့်အခွင့်အရေးရှိမယ်ဆိုရင် အဲ့တာလည်း ဖြစ်လာနိုင်ပါတယ်”လို့ ဖီးလစ်က ပြောကြားခဲ့ပါတယ်။
ဂျာအိုဖီးလစ်က အေစီမီလန်မှာ သူအကြိုက်ဆုံးကစားသမားက ကာကာဖြစ်တယ်လို့ မကြာသေးခင်က ထုတ်ဖော်ပြောကြားထားခဲ့ပါတယ်။ အခြားတစ်ဖက်မှာလည်း ချဲလ်ဆီးနည်းပြ မာရက်စ်ကာက ဖီးလစ်ထွက်ခွာသွားတာကို လွမ်းဆွတ်နေမှာမဟုတ်ကြောင်း ပြောကြားထားခဲ့ပါတယ်။
ဖီးလစ်ကတော့ လာမယ့်ဗုဒ္ဓဟူးနေ့မှာကန်မယ့် ချန်ပီယံလိဂ်ခြေစစ်ပွဲအဖြစ် ဖီယင်နုနဲ့ပွဲမှာ ပါဝင်နိုင်ဖို့ ပြင်ဆင်နေပါတယ်။ တကယ်လို့ အခုစွမ်းဆောင်ရည်ကို ဆက်ထိန်းထားနိုင်မယ်ဆိုရင် ပေါ်တူဂီသားအနေနဲ့ လာမယ့်အပြောင်းအရွှေ့မှာ အေစီမီလန်အသင်းရဲ့အပြီးသတ်ခေါ်ယူမယ့်ကစားသမားဖြစ်လာဖွယ်ရှိနေပါတယ်။