နောက်ခံလူတစ်ယောက်ဝယ်ဖို့ လီဗာပူးကိုသတိပေးလိုက်တဲ့ ကာရေဂါ
ဗုဒ္ဓဟူးနေ့နံနက်က ယှဉ်ပြိုင်ခဲ့တဲ့ပရီးမီးယားလိဂ်ပွဲစဉ်မှာ နော်တင်ဟမ်ဖောရက်စ်ကို ၁-၁ နဲ့သရေကျခဲ့ပြီးနောက် ပွဲအပြီးမှာတော့ လီဗာပူးဂန္ထဝင်ကစားသမား ဂျေမီကာရေဂါက အသင်းအနေနဲ့ နောက်ခံလူသစ်တစ်ယောက် မဖြစ်မနေဝယ်ယူဖို့လိုအပ်နေကြောင်း သတိပေးပြောကြားလာခဲ့ပါတယ်။
ယခုပွဲစဉ်မှာ နော်တင်ဟမ်ဖောရက်စ်အတွက်ဦးဆောင်ဂိုးကို ပွဲအစ ၈ မိနစ်မှာပဲ တိုက်စစ်မှူး ခရစ်ဝုဒ်ကသွင်းယူပေးခဲ့ပေမယ့် လီဗာပူးအတွက်ချေပဂိုးကို ဒုတိယပိုင်းမှာ လူစားဝင်ကစားသမား ဒီယေဂိုဂျိုတာက သွင်းယူပေးခဲ့တာကြောင့် ၁-၁ ဆိုတဲ့သရေရလဒ်သာထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။ ယခုပွဲစဉ်မှာ လီဗာပူးက အနိုင်ရဖို့ အခွင့်အရေးတွေရခဲ့ပေမယ့် နော်တင်ဟမ်ဖောရက်စ်ဂိုးသမား ဆဲလ်စ်ရဲ့လက်စွမ်းပြမှုတွေကြောင့် အဝေးကွင်းမှာ သရေ ၁ မှတ်သာရရှိခဲ့တာဖြစ်ပါတယ်။
သရေရလဒ်ကြောင့် လီဗာပူးအနေနဲ့ အမှတ်ပေးဇယားကို ထိပ်ဆုံးကနေဆက်လက်ဦးဆောင်နိုင်ခဲ့ပေမယ့် ကာရေဂါကတော့ အသင်းအနေနဲ့ ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးနိုင်ဖို့ဆိုရင် နောက်တန်းကစားသမားသစ် လိုအပ်မှာဖြစ်ကြောင်း ပြောကြားလာခဲ့တာဖြစ်ပါတယ်။ ကာရေဂါက “ဒီပွဲမှာ လီဗာပူးအနိုင်ရသင့်ပါတယ်။ နိုင်ပွဲမရခဲ့ပေမယ့် အခွင့်အရေးတွေအများကြီးဖန်တီးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် အသင်းရဲ့နောက်တန်းပိုင်းက ရာသီအစကလို ကျစ်လျစ်တဲ့ပုံစံမှာမရှိတော့ဘဲ အချိန်မရွေးဂိုးပေးရနိုင်တဲ့ အနေအထားမှာရှိနေပါတယ်။ နောက်တန်းတစ်ယောက်ဝယ်ရတော့မှာပါ” လို့ပြောကြားခဲ့ပါတယ်။
လီဗာပူးနည်းပြ အန်းစလော့ဟာ ယခုပွဲစဉ်မှာ ဗန်ဒိုက်ခ်နဲ့ ကိုနာတေးတို့ကို ဗဟိုခံစစ်နေရာမှာထားခဲ့ပြီး အာနိုးလ်နဲ့ ရော်ဘတ်ဆန်တို့ကိုတော့ ဘယ်နောက်ခံနဲ့ ညာနောက်ခံနေရာတွေမှာအသုံးပြုခဲ့ပါတယ်။ ရော်ဘတ်ဆန်နဲ့ ကိုနာတေးတို့ကို ပွဲကစားချိန် ၆၆ မိနစ်မှာ လူစားလဲခဲ့ပြီးနောက်ပိုင်းမှာတော့ လီဗာပူးရဲ့နောက်တန်းကစားပုံ ကျဆင်းသွားခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။
ကာရေဂါက လီဗာပူးဟာ ဘယ်နောက်ခံလူတစ်ယောက်ထပ်မံခေါ်ယူဖို့ လိုအပ်နေကြောင်း ယခုလအစောပိုင်းကလည်း အကြံပေးပြောကြားထားခဲ့ပြီးဖြစ်ပါတယ်။ ယူနိုက်တက်ကို ၂-၂ နဲ့သရေကျခဲ့တဲ့ပွဲစဉ်အပြီးမှာ အင်္ဂလန်လက်ရွေးစင်ဟောင်းက “လီဗာပူးအနေနဲ့ ဘယ်နောက်ခံလူတစ်ယောက်ခေါ်ယူဖို့ လိုအပ်ပါတယ်။ ညာနောက်ခံနေရာမှာ အာနိုးလ်နဲ့ ဘရက်ဒ်လေတို့က လုံလောက်ပေမယ့် ဘယ်နောက်ခံနေရာမှာတော့ ရော်ဘတ်ဆန်တစ်ယောက်ပဲရှိပါတယ်။ ရော်ဘတ်ဆန်နေရာမှာ ဆီမီကတ်စ်က အစားမထိုးနိုင်ပါဘူး။အမှတ်ပေးဖလားကိုရဖို့ဆိုရင် ဘယ်နောက်ခံတစ်ယောက် အခုဇန်နဝါရီမှာပဲ ဝယ်သူသင့်တယ်လို့ထင်ပါတယ်” လို့ပြောကြားခဲ့တာဖြစ်ပါတယ်။