
ဟယ်ရီကိန်းရဲ့ဒဏ်ရာအခြေအနေကို အသိပေးပြောကြားလာတဲ့ ကွန်ပနီ
ဘိုင်ယန်မြူးနစ်နည်းပြ ဗင်းဆင့်ကွန်ပနီက ဆဲလ်တစ်နဲ့ယှဉ်ပြိုင်ခဲ့တဲ့ ချန်ပီယံလိဂ်ပလေးအော့ဖ်ပွဲစဉ်မှာ ဒဏ်ရာရပြီး လူစားလဲခံခဲ့ရတဲ့ အသင်းရ့တိုက်စစ်မှူး ဟယ်ရီကိန်းရဲ့အခြေအနေကို အသိပေးပြောကြားလာခဲ့ပြီး ကစားသမားဟာ အချိန်အနည်းငယ်အနားယူသွားရမယ်လို့ ဆိုပါတယ်။ ကြားရက်က ဆဲလ်တစ်ကိုသရေကျခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ဟယ်ရီကိန်းဟာ ဘိုင်ယန်မြူးနစ်အတွက် ပွဲထွက်ကစားသမားအဖြစ် ပါဝင်ကစားနိုင်ခဲ့ပေမယ့် ဒဏ်ရာရရှိခဲ့တာကြောင့် ပထမပိုင်းအပြီးမှာပဲ လူစားလဲခဲ့ရတာဖြစ်ပါတယ်။ ယခုအခါမှာတော့ ကွန်ပနီက အသက်-၃၁ နှစ်အရွယ်ကစားသမားဟာ အနားယူဖို့လိုအပ်နေတာကြောင့် ဘိုင်ယန်ရဲ့ပွဲစဉ်အချို့ကို လွဲချော်သွားမယ်လို့ အသိပေးခဲ့ပါတယ်။
ကွန်ပနီက “ကျွန်တော်တို့ သိရမှာပါ။ သူ့အနေနဲ့ ၃-၄ ပတ်လောက်အထိအတော့ အနားယူရဖို့မရှိလို့ တော်ပါသေးတယ်။ ဒါပေမယ့် အခြေအနေကို စောင့်ကြည့်ဖို့လိုအပ်နေပါတယ်။ ဒါပေမယ့် ဒီရာသီမှာ ကျွန်တော်တို့ ဒဏ်ရာပြဿနာတွေနဲ့ ခဏခဏကြုံနေရတာပါပဲ။ ကျွန်တော်တို့ ဟယ်ရီကိန်းနေရာက အခြားကစားသမားတစ်ယောက်နဲ့ အစားမထိုးနိုင်ပါဘူး။ ရာသီတစ်ခုမှာ ဂိုး ၄၀-၅၀ သွင်းနိုင်တဲ့ကစားသမားက များများစားစားမရှိပါဘူး။ အသင်းနိုင်ပွဲရရှိဖို့ တတ်နိုင်သလောက် အဖြေရှာသွားရပါမယ်” လို့ပြောကြားခဲ့ပါတယ်။
ဘိုင်ယန်မြူးနစ်အတွက် စုစုပေါင်း ၇၆ ပွဲကစားပြီး ၇၃ ဂိုးအထိသွင်းယူပေးထားနိုင်တဲ့ ဟယ်ရီကိန်းဟာ အသင်းရဲ့ အလွန်အရေးပါတဲ့ကစားသမားတစ်ဦးဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၃-၂၄ ရာသီမှာ ဖလားလက်မဲ့ဖြစ်ခဲ့တဲ့ဘိုင်ယန်မြူးနစ်အနေနဲ့ ဒီရာသီမှာတော့ ဆုဖလားဆွတ်ခူးနိုင်ဖို့ လိုအပ်နေတဲ့အခြေအနေဖြစ်လို့ ကိန်းဒဏ်ရာမှပြန်လာနိုင်ဖို့ မျှော်လင့်နေမှာဖြစ်ပါတယ်။ တနင်္ဂနွေနေ့မှာတော့ ဘိုင်ယန်မြူးနစ်ဟာ ဘွန်ဒက်စ်လီဂါပွဲစဉ်အဖြစ် ဖရန့်ဖတ်နဲ့ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး အမှတ်ပေးဇယားထိပ်ဆုံးမှာ ဆက်လက်ရပ်တည်ဖို့ နိုင်ပွဲရရှိသွားမလား စောင့်ကြည့်ရပါမယ်။