
မက်ဆီနဲ့ ယာမယ်လ် နှိုင်းယှဉ်ဖို့ မဖြစ်နိုင်တဲ့အကြောင်းရင်းကို ရှင်းပြလိုက်တဲ့ ပက်ဂွါဒီယိုလာ
ပက်ဂွါဒီယိုလာက လီယွန်နယ်မက်ဆီလိုကစားသမားမျိုးဆိုတာ အနှိုင်းမဲ့ပါလို့ အခိုင်အမာပြောဆိုရင်း လမိုင်းယာမယ်လ်ဆီ တောင်းပန်စကားပြောကြားလိုက်ပါတယ်။ ပက်ဂွါဒီယိုလာက အသက်-၁၇ နှစ်အရွယ်မှာပဲ ဘာစီလိုနာမှာ ကမ္ဘာ့အဆင့်ကစားသမားတစ်ဦးအဖြစ် ပေါ်ထွက်လာတဲ့ ယာမယ်လ်ကို မက်ဆီနဲ့နှိုင်းယှဉ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူးလို့ အတိအလင်းပြောကြားလိုက်ပါတယ်။ မက်ဆီကတော့ ကမ္ဘာ့ဘောလုံးသမိုင်းတလျှောက် အကောင်းဆုံးကစားသမားတွေအနက် တစ်ဦးအဖြစ် အငြင်းပွားဖွယ်မရှိ ပါဝင်နေပါတယ်။
ပက်ဂွါဒီယိုလာကိုယ်တိုင် ယာမယ်လ်ကို မကိုင်တွယ်ဖူးပေမယ့် စပိန်သားနည်းပြနဲ့ မက်ဆီကတော့ ဘာစီလိုနာရွှေခေတ်တစ်ခုကို ဖန်တီးကာ လာလီဂါချန်ပီယံဆုသုံးကြိမ်၊ ချန်ပီယံလိဂ်ချန်ပီယံဆုနှစ်ကြိမ် ဆွတ်ခူးရရှိခဲ့ပါတယ်။ အခုအချိန်မှာတော့ ယာမယ်လ်က ကမ္ဘာ့ဖလားချန်ပီယံဆုရှင် တစ်ကြိမ်တစ်ခါက ဝတ်ဆင်ခဲ့ဖူးတဲ့ ကျောနံပါတ် ၁၀ ဂျာစီကိုဆက်ခံဖို့ အဆင်သင့်ဖြစ်နေပါပြီ။
ပက်ဂွါဒီယိုလာက “ ယာမယ်လ်ရဲ့ရင့်ကျက်မှုနဲ့ ပတ်သက်ပြီး လူတိုင်း ပြောနေတာက အံ့သြစရာကောင်းပါတယ်။ သူတို့ပြောတာလည်း မှန်ပါတယ်။ အသက် ၂၄၊ ၂၅ နှစ်လောက်မှ ဒီလို ရင့်ကျက်မှုကို ရရှိနိုင်တာပါ။ တစ်ခါတလေ အရည်အချင်း ပြည့်ဝတဲ့ ကစားသမားတစ်ယောက်ဆိုတာကို အဓိပ္ပါယ်ဖွင့်ဆိုရာမှာ ဘောလုံးနဲ့အတူ ပွဲချိန်တိုင်း အခွင့်အရေးယူနိုင်ရမယ်လို့ ထင်နေကြပါတယ်။ ဘောလုံးရတိုင်း နာမည်ကျော် ဘက်စ်ကတ်ဘောကစားသမား Curry လို သုံးမှတ်တန်ပစ်ချက်မျိုးနဲ့ ဂိုးဝင်အောင် ကန်နိုင်ရမယ်ပေါ့။ အဲ့ဒီလိုလည်း မဟုတ်ပြန်ပါဘူး။ ဘောလုံးလက်ခံပြီး တစ်ချက်ထိလိုက်မယ်။ ပြီးရင် သုံးမိနစ်လောက်အနားယူမယ်။ နောက်တစ်ကြိမ်ဘောလုံးကိုဆွဲပြေးဖို့ ထပ်ယူတယ်။ ဒီလိုမျိုးလေးတွေနဲ့ ပွဲစဉ်တွေကို အနိုင်ရရှိတော့တာပါပဲ။
ဒါက ပွဲစဉ်အခြေအနေအပေါ်နားလည်မှုနဲ့ သက်ဆိုင်ပါတယ်။ တကယ့်ကို အံ့သြစရာကောင်းပါတယ်။ ပြောရရင် အခုလိုအလားအလာကောင်းတွေရှိနေတဲ့ ကောင်လေးတစ်ယောက်ကို ကျွန်တော်တို့ဘာစီလိုနာအသင်း နောက်တစ်ကြိမ်ရှာဖွေတွေ့ရှိလိုက်တာ အရမ်းကံကောင်းပါတယ်။ ဒါပေမဲ့ ယာမယ်လ်ကို မက်ဆီလိုကစားသမားမျိုးလို့ ကျွန်တော် မပြောနိုင်ပါဘူး။ ဒီအတွက် ကျွန်တော် တောင်းပန်ပါတယ်။ ဒါပေမဲ့ ကျွန်တော့်အတွက်ဆိုရင် မက်ဆီလိုကစားသမားမျိုးဆိုတာ ကမ္ဘာပေါ်မှာ မရှိတော့ပါဘူး။ ဒါက မဖြစ်နိုင်ပါဘူး” လို့ DAZN သတင်းဌာနဆီ ပြောကြားခဲ့ပါတယ်။ ယာမယ်လ်ကတော့ လာမယ့်တနင်္ဂနွေနေ့၊ ပေါ်တူဂီနဲ့ရင်ဆိုင်ရမယ့် နေးရှင်းလိဂ်ဗိုလ်လုပွဲမှာ စပိန်အတွက် ပါဝင်ကစားပေးပါလိမ့်မယ်။