The network connection is lost.

Banner Image

၂၀၃၀ ပြည့်နှစ်အထိ စာချုပ်ချုပ်ဆိုကာ ပီအက်စ်ဂျီအသင်းသို့ ရောက်ရှိလာတဲ့ အီလီယာ ဇာဘာညီ

ပီအက်စ်ဂျီအသင်းဟာ အသက် ၂၂ နှစ်အရွယ် ဗဟိုနောက်ခံလူ အီလီယာ ဇာဘာညီကို ခေါ်ယူလိုက်ပြီ ဖြစ်ပါတယ်။ ကျောနံပါတ် ၆ ကို ဝတ်ဆင်မယ့် ဇာဘာနီဟာ ပီအက်စ်ဂျီအသင်းသမိုင်းမှာ ပထမဆုံး ယူကရိန်းကစားသမားအဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။

၂၀၀၂ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့မှာ ယူကရိန်းနိုင်ငံ ကီးယက်မြို့မှာ မွေးဖွားခဲ့တဲ့ ဇာဘာညီဟာ သူ့ရဲ့ဇာတိမြို့က ဒိုင်နမို ကီးယက်လူငယ်အကယ်ဒမီမှာ ဘောလုံးသမားဘဝကို စတင်ခဲ့ပါတယ်။ သူဟာ ၂၀၁၉ ခုနှစ်မှာ လူငယ်အသင်းတွေအတွက် လူငယ်လိဂ်ပြိုင်ပွဲမှာ ပါဝင်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၁၁ ရက်နေ့မှာတော့ ပရော်ဖက်ရှင်နယ်အဆင့်ကို ရောက်ရှိလာခဲ့ပါတယ်။ ပရီးမီးယားလီဂါ (ယူကရိန်းချန်ပီယံရှစ်) ပြိုင်ပွဲမှာ ဒက်စ်နာ ချာနီဟစ်ဗ်နဲ့ပွဲစဉ်တွင် ပွဲထွက်ကစားခဲ့ပြီး ရက်အနည်းငယ်အကြာမှာတော့ အေဇက် အယ်လ်ခ်မာကို အနိုင်ယူပြီး ပထမဆုံး ချန်ပီယံလိဂ်ပွဲစဉ်ကို ကစားခဲ့ကာ ဂျူဗင်တပ်စ်နဲ့ ဘာစီလိုနာတို့နဲ့လည်း အုပ်စုအဆင့်မှာ ရင်ဆိုင်ခဲ့ပါတယ်။

ဇာဘာညီဟာ ခံစစ်ပိုင်းမှာ တည်ငြိမ်မှု ရှိတဲ့အပြင် ခေါင်းတိုက်ဘောတွေမှာလည်း ထူးချွန်ပြီး ၂၀၂၁ ခုနှစ်၊ ဧပြီလ ၂၅ ရက်နေ့ လိဂ်ပွဲစဉ်တစ်ခုအတွင်း ပထမဆုံးဂိုးကို ခေါင်းတိုက်သွင်းယူနိုင်ခဲ့ပါတယ်။ ကလပ်အသင်းအတွက် ချန်ပီယံလိဂ် ၁၂ ပွဲနဲ့ ယူရိုပါလိဂ် ၉ ပွဲ ကစားထားတဲ့ ဇာဘာနီဟာ ဒိုင်နမို ကီးယက်အသင်းမှာ အရေးပါတဲ့ ကစားသမားတစ်ဦး ဖြစ်လာခဲ့ပါတယ်။ သူဟာ အသင်းနဲ့အတူ လိဂ်ဖလား၊ Cup ဖလားနဲ့ ယူကရိန်း စူပါဖလားတွေကိုလည်း ရရှိခဲ့ပြီး ယူကရိန်းရဲ့ အလားအလာအရှိဆုံး ကစားသမားတွေထဲက တစ်ဦးအဖြစ်လည်း သတ်မှတ်ခံခဲ့ရပါတယ်။

၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့မှာတော့ ဇာဘာညီဟာ အင်္ဂလန် ပရီးမီးယားလိဂ်ကလပ် ဘုန်းမောက်အသင်းကို ပြောင်းရွှေ့ခဲ့ပြီး ၂၀၂၃ ခုနှစ်၊ ဧပြီလ ၄ ရက်နေ့မှာ ဘရိုက်တန်အသင်းနဲ့ ပွဲစဉ်မှာ ပွဲဦးထွက်ကစားခဲ့ပါတယ်။၂၀၂၃-၂၀၂၄ ရာသီမှာတော့ ဇာဘာနီဟာ ပရီးမီးယားလိဂ်ပွဲစဉ် ၃၇ ပွဲ ကစားပြီး အသင်းရဲ့ အကောင်းဆုံး ကစားသမားဆုကို ပရိသတ်တွေက ရွေးချယ်ချီးမြှင့်ခဲ့ပါတယ်။ ဒီရာသီမှာ သူဟာ အသင်းရဲ့ ခံစစ်ခေါင်းဆောင်တစ်ဦးအဖြစ် ရပ်တည်နိုင်ခဲ့ပြီး သမိုင်းဝင် အဆင့် ၉ နေရာနဲ့ အမှတ်အများဆုံး ရရှိခဲ့တဲ့ ဘုန်းမောက်အသင်းရဲ့ ရာသီကောင်းကို ဖန်တီးပေးနိုင်ခဲ့ပါတယ်။

ဇာဘာညီဟာ အသက် ၁၈ နှစ်အရွယ်မှာ ယူကရိန်းအသင်းအတွက် ပထမဆုံး နိုင်ငံတကာပွဲစဉ်ကို ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၇ ရက်နေ့မှာ ပြင်သစ်အသင်းနဲ့ ရင်ဆိုင်ကစားခဲ့ပါတယ်။ ဒီပွဲစဉ်မှာ သူဟာ ဆာဂီး ရီဘရော့ဗ်နောက်ပိုင်း ယူကရိန်းအသင်းသမိုင်းမှာ ဒုတိယမြောက် အသက်အငယ်ဆုံး ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ၂၀၂၁ ခုနှစ်၊ ဇွန်လမှာလည်း နည်းပြ အန်ဒရီ ရှက်ဗ်ချန်ကိုက သူ့ကို ယူရိုပြိုင်ပွဲအတွက် ရွေးချယ်ခဲ့ပြီး ယူကရိန်းအသင်း ကွာတားဖိုင်နယ်အဆင့်အထိ တက်ရောက်နိုင်ဖို့ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ် ယူရိုပြိုင်ပွဲမှာလည်း အုပ်စု E ပွဲစဉ်သုံးပွဲစလုံးမှာ ပါဝင်ကစားခဲ့ပါတယ်။ အသက် ၂၂ နှစ်အရွယ်သာ ရှိသေးပေမယ့် ယူကရိန်းအသင်းရဲ့ ခံစစ်နဲ့ အသင်းခေါင်းဆောင်တစ်ဦး ဖြစ်လာခဲ့ပြီး နိုင်ငံအသင်းအတွက် ၄၉ ပွဲ ကစားထားကာ ၃ ဂိုး သွင်းယူပေးထားပါတယ်။ ပီအက်စ်ဂျီအသင်းရဲ့ ကစားသမားသစ် ဇာဘာနီဟာ အသင်းသမိုင်းတစ်လျှောက် ပထမဆုံး ယူကရိန်းကစားသမား ဖြစ်လာခဲ့ပြီး ပီအက်စ်ဂျီမှာ ရှိတဲ့ နိုင်ငံကိုယ်စားပြုကစားသမားအရေအတွက်ကို ၅၁ ဦး အထိ မြင့်တက်စေခဲ့ပါတယ်။