
မန်စီးတီးကို အနိုင်ယူပြီးနောက် ယာဂန်ကလော့ပ်ကို ကျေးဇူးတင်စကားပြောရန် လိုအပ်တယ်လို့ ဆိုလိုက်တဲ့ သောမတ်စ်ဖရန့်ခ်
သောမတ်စ်ဖရန့်ခ်က မန်စီးတီးကိုအနိုင်ယူရန် တော့တင်ဟမ်အတွက် နောက်ကွက်မှလှုံ့ဆော်မှုပေးခဲ့တဲ့ လီဗာပူးနည်းပြဟောင်းယာဂန်ကလော့ပ်အပေါ် ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။
ဒါက မန်စီးတီးကို အဝေးကွင်းမှာအနိုင်ယူခဲ့တဲ့ တော့တင်ဟမ်အတွက် မယုံကြည်နိုင်စရာနေ့လည်ခင်းတစ်ခု ဖြစ်လာခဲ့ပါတယ်။ ပွဲစဉ်အပြီးမှာလည်း တော့တင်ဟမ်နည်းပြသောမတ်စ်ဖရန့်ခ်က ယာဂန်ကလော့ပ်ဆီမှ နည်းဗျူဟာပိုင်းဆိုင်ရာလှုံ့ဆော်မှု ရယူခဲ့တယ်လို့ အတိအလင်းဝန်ခံပြောဆိုခဲ့ပါတယ်။ ဒါကြောင့် လီဗာပူးနည်းပြဟောင်းသုံးစွဲခဲ့တဲ့ ပြင်းအားမြင့်ဖိအားပေးကစားဟန်ကို တော့တင်ဟမ်အသုံးပြုလာချိန် မကာကွယ်နိုင်ခဲ့လို့ ပက်ဂွါဒီယိုလာအတွက် စိတ်ဆိုးဒေါသထွက်စေမှာ သေချာပါတယ်။
ပြင်းအားမြင့်ဖိအားပေးကစားဟန်ဆိုတာ ဘရန့်ဖို့ဒ်နည်းပြအဖြစ် အောင်မြင်တဲ့အတိတ်ကာလတစ်ခုကို တည်ဆောက်ခဲ့တဲ့ သောမတ်စ်ဖရန့်ခ်အတွက် စိမ်းလှတဲ့အရာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် အခုတော့ သောမတ်စ်ဖရန့်ခ်က ယာဂန်ကလော့ပ်ကို မန်စီးတီးနဲ့ရင်ဆိုင်ရချိန် အသင်းလိုက်လှုပ်ရှားမှုတွေမှာ နည်းဗျူဟာပိုင်းဆုံးဖြတ်ချက်အပေါ် လွှမ်းမိုးနိုင်ခဲ့သူဖြစ်တယ်လို့ ပထမဆုံးအကြိမ် ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
သောမတ်စ်ဖရန့်ခ်က “ အမှန်ပါပဲ၊ ဒီဆုံးဖြတ်ချက်က ကောင်းခဲ့ပါတယ်။ ယာဂန်ကလော့ပ်က လိမ္မာပါးနပ်တဲ့သူပါ။ ကျွန်တော်လည်း သူ့ဆီ ‘ဒီနည်းဗျူဟာပိုင်းက အတော်လေးကောင်းမွန်ပါလား’ဆိုပြီး ပြောပြရပါဦးမယ်။ ကျွန်တော်က ပြင်းအားမြင့်ဖိအားပေးကစားဟန်အပေါ်မှာ အပြည့်အဝယုံကြည်ထားပါတယ်။ ဒါကို ဒီနေ့မှာ ခင်ဗျားတို့ မြင်တွေ့နိုင်သလို ကျွန်တော့်ရဲ့ဘရန့်ဖို့ဒ်အသင်းနဲ့လည်း မြင်တွေ့နိုင်ပါတယ်။
ကျွန်တော်က အမြင့်ဆုံးဖိအားပေးကစားဟန်အပေါ် ယုံကြည်သလို ဒီအတိုင်း ရှေ့ဆက်တက်နိုင်မယ်လို့လည်း ယုံကြည်ပါတယ်။ ကျွန်တော်က ဒီလိုစိတ်ဓါတ်ပိုင်းကို ကြိုက်ပါတယ်။ ဒါကို တိုက်စစ်ဆင်ကစားခြင်းလို့ ထင်ပါတယ်။ ခံစစ်ဆိုတာ တိုက်စစ်ကစားဟန်တစ်ခုဖြစ်ပါတယ်။ ခံစစ်ကို တိုက်စစ်ဇုန်ထဲမှာပဲစတင်ရင် ပျော်စရာကောင်းပါတယ်။ အမှန်ပါပဲ၊ ဒီနေ့မှာဆိုရင် အခုလိုကစားဟန်မှတဆင့် တစ်ဂိုးသွင်းယူနိုင်လို့ အလွန်အောင်မြင်မှုရှိခဲ့တယ်လို့ ထင်ပါတယ်”လို့ ပြောပါတယ်။
အလုပ်တစ်ခု အောင်အောင်မြင်မြင်အဆုံးသတ်နိုင်ခဲ့လို့ အားရကျေနပ်နေတဲ့ သောမတ်စ်ဖရန့်ခ်ကို ဘယ်သူကမှ အပြစ်မြင်နေမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ မကြာသေးမီရက်ပိုင်းအတွင်း မက်ဒီဆင်၊ ကူလူဆက်ဗ်စကီးတို့ရဲ့ ဒဏ်ရာပြဿနာတွေအပြင် အီဇီကိုပါ လက်လွှတ်လိုက်ရလို့ သူတို့ရဲ့ကွင်းလယ်ပိုင်းအင်အားဖြည့်တင်းဖို့ ဘယ်သူ့ကိုခေါ်ယူမလဲဆိုတာ ဆုံးဖြတ်သွားရပါလိမ့်မယ်။