The network connection is lost.

Banner Image

အဖျားဝေဒနာကနေ အပြည့်အဝမသက်သာသေးကြောင်း ဟိုဝီ ဝန်ခံပြောကြား

အခုအပတ်မှာ အလုပ်ထံပြန်လာခဲ့ပေမယ့် နယူးကာဆယ်အသင်းနည်းပြ ဟိုဝီက သူ့အနေနဲ့ အဖျားဝေဒနာကနေ အပြည့်အဝမသက်သာသေးကြောင်း ဝန်ခံပြောကြားလိုက်ပါတယ်။အသက် ၄၆ နှစ်သားဟာ ဆေးရုံမှာနေပြီးနောက် အိမ်ကိုပြန်လာပြီး ပြန်လည်သက်သာလာဖို့ လုပ်ဆောင်ခဲ့ကာ အခုအပတ်မှာ လေ့ကျင့်ရေးကွင်းထံပြန်လာခဲ့ပါတယ်။ စနေနေ့ အစ်ဝှစ်နဲ့ပွဲမှာ နည်းပြအဖြစ် ပါဝင်လာဖွယ်ရှိနေပေမယ့် ရောဂါအခြေအနေက အပြည့်အဝမသက်သာသေးဘူးလို့ အခိုင်အမာပြောကြားခဲ့ပါတယ်။

ဟိုဝီကတော့ သူ့အနေနဲ့ အရေးပါတဲ့ပွဲတွေရောက်လာပြီဖြစ်တာကြောင့်  ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အသင်းကိုကိုင်တွယ်ချင်နေတာဖြစ်ပါတယ်။ ဟိုဝီမရှိတဲ့အခြေအနေမှာ လက်ထောက်နည်းပြ တင်ဒဲလ် နဲ့ ဂျုံးစ်တို့က ယာယီတာဝန်ယူခဲ့ပြီး ယူနိုက်တက်ကို ၄-၁ ၊ ပဲလေ့စ်ကို ၅-၀ နဲ့အနိုင်ရအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ပြီးခဲ့တဲ့အပတ်တုန်းက ဗီလာကို ၄-၁ နဲ့ အရေးနိမ့်ခဲ့ပါတယ်။

“ကျွန်တော် အဆင်ပြေပါတယ်။ ကိုယ်ခန္ဓာကတော့ ၁၀၀%တော့ မပြေသေးပါဘူး။ ဒါပေမယ့် စိတ်ကတော့ ၁၀၀%ပါ။ ကျွန်တော် အပေါင်းလက္ခဏာဆောင်အောင် ကြိုးစားနေပါတယ်။ အဲ့တာက တကယ့်စိန်ခေါ်မှုပါ။ ခင်ဗျားအနေနဲ့ ခင်ဗျားကျန်းမာရေးကို သေချာလေးဂရုစိုက်ရပါမယ်။ ကျွန်တော် သေချာအောင်လုပ်ပါတယ်။ ကျွန်တော် အခုလိုပြန်လာနိုင်တာကိုပဲ ဝမ်းသာမိပါတယ်။ လက်ရှိမှာလည်း NHS ပထမတန်းမှာ ကုသမှုခံယူနေပါတယ်”လို့ ဟိုဝီက ပြောကြားခဲ့ပါတယ်။

ပရီးမီးယားလိဂ်ရာသီက ပြီးဆုံးတော့မှာဖြစ်ကာ လက်ကျန် ၅ ပွဲအလိုမှာ နယူးကာဆယ်ဟာ အဆင့် ၅ နေရာမှာ ရပ်တည်နေပါတယ်။ နောက်ဆုံးပြိုင်ပွဲစုံ ၇ ပွဲမှာ ၆ ပွဲအနိုင်ယူနိုင်ခဲ့ပြီးနောက် အခုစွမ်းဆောင်ရည်အတိုင်းဆက်ထိန်းထားမယ်ဆိုရင် ချန်ပီယံလိဂ် ဒါမှမဟုတ် ယူရိုပါလိဂ်ဝင်ခွင့်ပါရယူနိုင်ဖို့ အခြေအနေကောင်းနေပါတယ်။