
ကလပ်ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ ပီအက်စ်ဂျီကို ချဲလ်ဆီးအသင်း ဘယ်လိုအနိုင်ယူခဲ့တာလဲ
"ပီအက်စ်ဂျီကို ဒီလိုလုပ်နိုင်တဲ့ အသင်းမျိုး မတွေ့ဖူးသေးဘူး။ ကျွန်တော် မြင်နေရတာကို မယုံနိုင်ဘူး" လို့ ပြောရလောက်အောင်ပဲ ချဲလ်ဆီးအသင်းရဲ့ ကလပ်ကမ္ဘာ့ဖလား ဗိုလ်လုပွဲမှာ ပီအက်စ်ဂျီကို အနိုင်ယူခဲ့ပုံက အံ့မခန်း ဖြစ်ခဲ့ပါတယ်။ ပီအက်စ်ဂျီအသင်းဟာ ဒီနှစ်ရာသီတစ်လျှောက်လုံး ပြိုင်ဘက်အားလုံးကို အလဲထိုးလာခဲ့တဲ့ အသင်းပါ။
ပြင်သစ် လီဂူးဝမ်းဖလားကို ဧပြီလအစောပိုင်းကတည်းက ရခဲ့သလို၊ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာလည်း အင်တာမီလန်ကို တစ်ဖက်သတ်အသာစီးယူပြီး နိုင်ခဲ့တာကြောင့် မယုံနိုင်စရာ ဖြစ်ခဲ့ပါတယ်။ ကလပ်ကမ္ဘာ့ဖလားမှာလည်း ခြေစွမ်းကောင်းတွေနဲ့ လွယ်လွယ်ကူကူ ဖြတ်ကျော်လာခဲ့ပုံရပါတယ်။ ဘိုင်ယန်မြူးနစ်ကို ကစားသမား ၉ ယောက်တည်းနဲ့ အနိုင်ယူခဲ့သလို၊ ရီးရဲလ်မက်ဒရစ်ကိုလည်း ၄-၀ ဂိုးနဲ့ အပြတ်အသတ် နိုင်ခဲ့ပြီး ဗိုလ်လုပွဲကို တက်လာခဲ့တာပါ။
ဗိုလ်လုပွဲမှာလည်း ချဲလ်ဆီးကို လွယ်လွယ်ကူကူ ဖြတ်ကျော်နိုင်မယ်လို့ အများစုက ယူဆထားကြပေမယ့် ပီအက်စ်ဂျီကသာ အံ့အားသင့်စွာ ကျန်ရစ်ခဲ့ရပါတယ်။ ပထမပိုင်း ပွဲပြီးခါနီး Coldplay ရဲ့ ဖျော်ဖြေပွဲ မစခင်မှာတင် ပယ်လ်မာ၊ ပက်ဒရိုတို့ရဲ့ ဂိုးတွေနဲ့အတူ ချဲလ်ဆီးက ၃-၀ နဲ့ ဦးဆောင်ခဲ့ပါတယ်။ ပွဲအပြီးမှာလည်း အဲဒီရလဒ်နဲ့အတိုင်းပဲ ပွဲပြီးဆုံးသွားခဲ့ပါတယ်။
"ပထမပိုင်းမှာ ပီအက်စ်ဂျီ ဒီလောက် ဘောလုံးဆုံးရှုံးတာ ကျွန်တော် တစ်ခါမှ မမြင်ဖူးဘူး။ နယူးယောက်မြို့ရဲ့ အပူဒဏ်အောက်မှာ ချဲလ်ဆီးကစားသမားတွေ ဘောလုံးကို ဘယ်လောက် လိုက်ဖိအားပေးနိုင်လဲဆိုတာ တကယ်ချီးကျူးဖို့ကောင်းတယ်" လို့ အင်္ဂလန်တောင်ပံလူဟောင်း တောင်ဆန်က Dazn မှာ ပြောပါတယ်။ ဘောလုံးဝေဖန်သူ ဂါရတ်ဘေးလ်ကလည်း "ပီအက်စ်ဂျီဟာ ပီအက်စ်ဂျီ ဖြစ်သွားပြီ" လို့ မှတ်ချက်ပြုခဲ့ပါတယ်။
ဒါဆိုရင် အန်ဇိုမာရက်စ်ကာရဲ့ ချဲလ်ဆီးအသင်းက ဒီလိုအနိုင်ရအောင် ဘယ်လို လုပ်ပြခဲ့တာလဲ။ ပြီးခဲ့တဲ့ နှစ်နှစ်တာကာလအတွင်း အမြဲတမ်းလိုလို ဖြစ်လေ့ရှိတာကတော့ ကိုးလ်ပယ်လ်မာ ကောင်းကောင်းကစားနိုင်ရင် ချဲလ်ဆီးလည်း ကစားပုံကောင်းတာပါပဲ။ အသက် ၂၃ နှစ်အရွယ် ပယ်လ်မာဟာ ဒီရာသီ ပွဲအများစုမှာ ပုံမှန် နံပါတ် ၁၀ ကစားသမားအနေနဲ့ အလယ်ဗဟိုမှာ ကစားခဲ့ပေမယ့် တစ်ခါတစ်လေ အဲဒီနေရာမှာ ရုန်းကန်ခဲ့ရပါတယ်။
၁၈ ပွဲအထိ ဂိုးမသွင်းနိုင်တာမျိုးတောင် ရှိခဲ့ဖူးပြီး "ကွင်းထဲရော ကွင်းပြင်ပမှာပါ ခက်ခဲတဲ့ အချိန်တွေကို ဖြတ်သန်းခဲ့ရတယ်" လို့ မကြာသေးခင်ကမှ သူကိုယ်တိုင် ဝန်ခံခဲ့ပါတယ်။ ဒါပေမဲ့ ဒီပြိုင်ပွဲအတွင်း သူ့ကို ညာခြမ်းကို ပြန်ပို့လိုက်တဲ့အခါမှာတော့ ပယ်လ်မာဟာ အကောင်းဆုံးပုံစံကို ပြန်ရောက်လာခဲ့ပါတယ်။
ချဲလ်ဆီးအသင်းဟာ ဗိုလ်လုပွဲရဲ့ ပွဲအစပိုင်းမှာ မြန်မြန်ဆန်ဆန် စတင်နိုင်ဖို့ကို ရှင်းရှင်းလင်းလင်း ဦးစားပေးခဲ့ပုံရပါတယ်။
နည်းပြ မာရက်စ်ကာက သူတို့ဟာ "ပွဲအစ ၁၀ မိနစ်မှာပဲ ပွဲကို အနိုင်ရခဲ့တယ်" လို့ ထင်ကြောင်း ပြောကြားခဲ့ပါတယ်။ ချဲလ်ဆီးရဲ့ ပွဲကို ခပ်ကြမ်းကြမ်း ချဉ်းကပ်ပုံနဲ့ ပြင်းထန်တဲ့ဖိအားပေးမှုတွေက ပြိုင်ဘက်တွေကို မထင်မှတ်ထားတဲ့ ဖိအားတွေ ပေးခဲ့ပါတယ်။
"စိတ်ကူးကတော့ တစ်ယောက်ချင်းစီ လိုက်ဖိအားပေးဖို့ပါပဲ၊ ဘာလို့လဲဆိုတော့ ပီအက်စ်ဂျီကို နေရာလွတ်တွေ ချန်ထားခဲ့ရင် သူတို့က အသင်းကို ဖျက်ဆီးပစ်လိမ့်မယ်။ ဒါကြောင့် ကျွန်တော်တို့ ပြင်းပြင်းထန်ထန် ဖိအားပေးပြီး အစောပိုင်းကတည်းက ချုပ်ထားဖို့ ကြိုးစားခဲ့တယ်။ အဲဒီပြင်းထန်တဲ့ ကစားပုံက ပထမ ၁၀ မိနစ်မှာ အရေးကြီးခဲ့တယ်" လို့ မာရက်စ်ကာက ထပ်ပြောခဲ့ပါတယ်။
ချဲလ်ဆီးက ပွဲအပေါ် လွှမ်းမိုးမှုကို ရရှိတာနဲ့ ပီအက်စ်ဂျီရဲ့ ဘယ်ဘက်ခြမ်းကို ပစ်မှတ်ထားဖို့ ကြိုးစားခဲ့တာ ရှင်းရှင်းလင်းလင်း တွေ့မြင်ခဲ့ရပါတယ်။ ပက်ဒရိုက မကြာခဏဆိုသလို ဘယ်ဘက်ခြမ်းကို ထွက်သွားပြီး ပယ်လ်မာနဲ့ တွဲဖက်ကစားခဲ့ပါတယ်။ ချဲလ်ဆီးရဲ့ နည်းစနစ်က တိုက်ရိုက်ဆန်ပြီး ပီအက်စ်ဂျီခံစစ်ရဲ့ နောက်ဘက်ကို ဘောလုံးတွေ ကျော်ချပေးခဲ့တာကြောင့် ဘယ်နောက်ခံလူ နူနိုမန်ဒက်စ်တစ်ယောက် တော်တော်လေး ဒုက္ခရောက်ခဲ့ရပါတယ်။
"ပီအက်စ်ဂျီရဲ့ ဘယ်ဘက်ခံစစ်ကို ပစ်မှတ်ထားတာမှာ ကျွန်တော်တို့ အောင်မြင်မှုများစွာ ရခဲ့တယ်။ ကစားသမားတွေရဲ့ ကြိုးစားအားထုတ်မှုကြောင့် အရာအားလုံးက ကျွန်တော်တို့အတွက် အပြည့်အဝ အလုပ်ဖြစ်ခဲ့တယ်" လို့ မာရက်စ်ကာက ဆိုပါတယ်။ တောင်ဆန်က ဒီနည်းစနစ်ကို "tactical masterclass" လို့ ပြောခဲ့ပါတယ်။
"ဒါပဲ သူတို့လုပ်ခဲ့တာ။ သူတို့ ဒီ ပီအက်စ်ဂျီခံစစ်ကစားပုံကို ကျဲသွားအောင် ဆွဲထုတ်ပစ်ခဲ့တာ။ ဒီလိုလုပ်နိုင်တဲ့ အသင်းမျိုး သူတို့ဆီမှာ ကျွန်တော်တို့ တစ်ခါမှ မမြင်ဖူးသေးဘူး" လို့ ချဲလ်ဆီး ကွင်းလယ်လူဟောင်း မီခေးလ်က ထပ်လောင်းပြောကြားခဲ့ပါတယ်။
ဒီနှစ် ကလပ်ကမ္ဘာ့ဖလားက ဘယ်လောက်အထိ အဓိပ္ပာယ်ရှိသလဲဆိုတာကို ငြင်းခုံမှုတွေ အများကြီး ရှိခဲ့ပါတယ်။ ဒါပေမဲ့ ဒီအောင်မြင်မှုက ၂၀၂၉ ခုနှစ်မှာ ကျင်းပမယ့်ပြိုင်ပွဲ မစမချင်း ချဲလ်ဆီးက ကမ္ဘာ့ချန်ပီယံ ဖြစ်နေမယ်လို့ ဆိုလိုပါတယ်။ ချဲလ်ဆီးအသင်းဟာ ဂျာစီမှာ ကမ္ဘာ့ချန်ပီယံ တံဆိပ်ကိုပါ တပ်ဆင်ခွင့် ရရှိမှာဖြစ်ပါတယ်။ ဒါ့အပြင် ဆုကြေးငွေအနေနဲ့ ပေါင် သန်း ၈၀ ကနေ သန်း ၉၀ အထိ ရရှိခဲ့ပါတယ်။
"ပရိသတ်တွေ လာမယ့် လေးနှစ်တာကာလအတွက် ဂုဏ်ယူပိုင်ခွင့် ရရှိသွားပြီ။ ချဲလ်ဆီး ပရိသတ်တွေကို ဘယ်သူမှ ဘာမှပြောနိုင်မှာ မဟုတ်ဘူး၊ ဘာလို့လဲဆိုတော့ သူတို့က ကမ္ဘာ့ချန်ပီယံတွေပဲ။ တစ်နှစ်တည်းအတွက် မဟုတ်ဘဲ ၂၀၂၉ အထိ လေးနှစ်လုံးအတွက်ပါပဲ။ Wow! တကယ်ကို ကြီးကျယ်တဲ့ အောင်မြင်မှုပဲ" လို့ တောင်ဆန် ပြောခဲ့ပါတယ်။
ကစားသမားတွေနဲ့ ဝန်ထမ်းတွေအတွက် ဒီဖလားက ဘယ်လောက်အရေးကြီးတယ်ဆိုတာ သံသယဖြစ်စရာ မရှိပါဘူး။ ပွဲအပြီး ပီအက်စ်ဂျီကစားသမားတွေနဲ့ နည်းပြ အင်းနရစ်တို့ ပေါက်ကွဲပြီး ချဲလ်ဆီးကစားသမားတွေကို တွန်းထိုးမှုတွေ ပြုလုပ်ခဲ့တာကြောင့် မာရက်စ်ကာလည်း ဝင်ရောက်ဖျန်ဖြေခဲ့ရပါတယ်။
"ဒီပြိုင်ပွဲဟာ ချန်ပီယံလိဂ်လောက် အရေးကြီးတယ်၊ ဒါမှမဟုတ် ချန်ပီယံလိဂ်ထက်တောင် ပိုအရေးကြီးတယ်လို့ ကျွန်တော် ခံစားရတယ်။ ကျွန်တော်ဟာ လွန်ခဲ့တဲ့ သုံးနှစ်က ချန်ပီယံလိဂ်ဖလား ရရှိခဲ့တဲ့ နည်းပြအဖွဲ့တစ်ခုရဲ့ အစိတ်အပိုင်းဖြစ်ခဲ့ဖို့ ကံကောင်းခဲ့ပါတယ်။ ဒါပေမဲ့ ဒီပြိုင်ပွဲမှာ ကမ္ဘာ့အကောင်းဆုံး ကလပ်အသင်းတွေ ပါဝင်နေပါတယ်။ ဒါကြောင့် ချန်ပီယံလိဂ်လောက်၊ ဒါမှမဟုတ် ပိုတောင် တန်ဖိုးထားပါတယ်" လို့ သူက ထပ်လောင်းခဲ့ပါတယ်။
"ကျွန်တော်တို့အတွက် ဒါဟာ ကြီးမားတဲ့ အောင်ပွဲတစ်ခုပါပဲ။ ချဲလ်ဆီး ပရိသတ်တွေကို သူတို့ဂျာစီပေါ်မှာ ကမ္ဘာ့ချန်ပီယံတံဆိပ် တပ်ဆင်ခွင့်ပြုတာဟာ ကျွန်တော်တို့အတွက် ဂုဏ်ယူစရာပါပဲ" လို့ မာရက်စ်ကာက ပြောပါတယ်။ ပယ်လ်မာကလည်း "အရမ်းကောင်းတဲ့ ခံစားမှုပါပဲ။ ပွဲမစခင် ကျွန်တော်တို့ကို အားလုံးက သံသယဝင်ခဲ့တာကို ကျွန်တော်တို့ သိပါတယ်။ အဲဒါကြောင့် ဒီလို တိုက်ပွဲဝင်ပြနိုင်တာက ပိုပြီးကောင်းပါတယ်" လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။
တော့ဒ်ဘိုလေလက်အောက်က ချဲလ်ဆီးရဲ့ ကစားသမား ခေါ်ယူမှုတွေကို အများစုက လှောင်ပြောင်ခဲ့ကြပါတယ်။ ဒါပေမဲ့ ဒီနှစ်ရာသီ ကွန်ဖရန့်လိဂ်နဲ့ ကလပ်ကမ္ဘာ့ဖလားတွေကို ရယူပြီးတဲ့နောက်မှာတော့ ချဲလ်ဆီးဟာ တကယ့်အသင်းကောင်းဖြစ်တယ်ဆိုတာ သက်သေပြနိုင်ခဲ့ပါတယ်။ ကလပ်ကမ္ဘာ့ဖလားမှာ ယှဉ်ပြိုင်ခဲ့တဲ့ အသင်းတွေထဲ အသက်အငယ်ဆုံး အသင်းဖြစ်ပြီး ၂၇ နှစ်အထက် ကစားသမားတစ်ဦးမှ မပါဝင်ပါဘူး။
ဘာပဲဖြစ်ဖြစ် ဆုဖလားအများအပြား ဆွတ်ခူးထားပြီး ယုံကြည်မှုပြည့်၀နေတဲ့ ပီအက်စ်ဂျီလိုအသင်းကို အလဲထိုးနိုင်ခဲ့တဲ့ ချဲလ်ဆီးအသင်းကိုတော့ မဖြစ်မနေ ချီးကျူးရမှာပဲ ဖြစ်ပါတယ်။