The network connection is lost.
မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူး ရက်စ်မက်စ်ဟွိုက်လန်းက ယမန်နေ့ညက လူတန်တောင်းကို အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ ရင်ဘတ်နဲ့ တိုက်ပြီး သွင်းယူခဲ့တဲ့ ဒုတိယသွင်းဂိုးဟာ ရည်ရွယ်ချက်ပါဝင်ခဲ့တယ်လို့ အခိုင်အမာပြောကြားလာခဲ့ပါတယ်။
ယခုပွဲစဉ်မှာ ၂ ဂိုးအထိ သွင်းယူနိုင်ခဲ့တဲ့ ဒိန်းမတ်လက်ရွေးစင် ကစားသမားဟာ ယခုအခါ ပရီးမီးယားလိဂ်မှာ ၆ ပွဲဆက်ဂိုးသွင်းနိုင်ခဲ့ပြီဖြစ်ပါတယ်။ ကစားသမားဟာ ဦးဆောင်ဂိုးကို ပွဲအစ ၃၇ စက္ကန့်မှာ စတင်သွင်းယူခဲ့တာဖြစ်ပြီး လူတန်တောင်းရဲ့ နောက်တန်းအမှားမှတစ်ဆင့် ဂိုးသမားကို ကျော်ဖြတ်ပြီး အကောင်းဆုံးအဆုံးသတ်ခဲ့တာဖြစ်ပါတယ်။
ထို့နောက် မကြာခင်မှာပဲ ဒုတိယဂိုးထပ်မံရရှိခဲ့ပြီး လီဂျန်ဒရိုဂါနာချိုရဲ့ ကန်ချက်ကို ရင်ဘတ်နဲ့တိုက်ပြီး သွင်းယူခဲ့တာဖြစ်ပါတယ်။ အဆိုပါသွင်းဂိုးဟာ ကံကောင်းထောက်မမှုနဲ့အတူ ရရှိခဲ့တာဖြစ်တယ်လို့ ယူဆသူတွေရှိနေသော်လည်း ဟွိုက်လန်းကတော့ ရည်ရွယ်ချက်ရှိရှိသွင်းယူခဲ့တာဖြစ်တယ်လို့ ဆိုလာခဲ့ပါတယ်။
တိုက်စစ်မှူးက “ဒီဂိုးက ရည်ရွယ်ချက်ပါပါတယ်။ ကျွန်တော်တို့ခန္ဓာကိုယ်ကို ထိန်းချုပ်နိုင်ခဲ့တာပါ။ ဒါက သေသပ်တဲ့ ဂိုးတစ်ဂိုးဖြစ်ခဲ့တာတော့ အံ့ဩစရာပါ။ ကျွန်တော် ဒီလိုဂိုးတွေနဲ့ပတ်သက်ပြီး လေ့ကျင့်မှုတွေလည်းပြုလုပ်ခဲ့ပါတယ်” “အခုချိန်မှာ ကျွန်တော် ယုံကြည်မှုတွေမြင့်တက်နေလို့ ကိုယ့်ကိုယ်ကိုယ်သံသယမရှိပါဘူး။ ဒါပေမယ့် ဂိုးမသွင်းနိုင်ရင်တော့ လန့်ရင်လန့်လာမှာပေါ့။ ကျွန်တော် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု ရှိပါတယ်။ ဘာပဲဖြစ်ဖြစ် အချိန်တစ်ခုလိုတယ်ဆိုတာ နားလည်ထားပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
ယခုနိုင်ပွဲကြောင့် ယူနိုက်တက်ဟာ အမှတ်ပေးဇယား အဆင့် ၆ နေရာမှာ ဆက်လက်ရပ်တည်ခဲ့ပြီး အဆင့် ၄ နေရာက အက်စတွန်ဗီလာနဲ့ ၅ မှတ်သာ ကွာဟတော့တာကြောင့် ချန်ပီယံလိဂ်ဝင်ခွင့်အတွက် မျှော်လင့်ချက်ရှိလာခဲ့ပါတယ်။
ဆက်လက်ပြီး အသက်-၂၀ နှစ်အရွယ် ကစားသမားက “ကျွန်တော်က ကမ္ဘာ့အကြီးဆုံး ကလပ်အသင်းတစ်ခုမှာကစားနေတာပါ။ ကျွန်တော်တို့မှာ အရည်အသွေးမြင့် ကစားသမားတွေ အများကြီးရှိပြီး ဒီထက်ပိုတိုးတက်လာဦးမှာပါ” “ဒီနေ့နိုင်ပွဲကြောင့် ကျွန်တော်တို့ တော့တင်ဟမ်နဲ့ကြားက ကွာဟချက်ကို လျှောချနိုင်ခဲ့ပါတယ်။ ဒီရာသီမှာ ကျွန်တော်တို့ရဲ့ပစ်မှတ်ဖြစ်တဲ့ ချန်ပီယံလိဂ်ဝင်ခွင့်အတွက်လည်း အခြေအနေကောင်းနေပါပြီ” လို့ ပြောကြားခဲ့ပါတယ်။
လာမယ့်အပတ်မှာတော့ ယူနိုက်တက်ဟာ ဖူလ်ဟမ်ကို အိမ်ကွင်းအိုးလ်ထရက်ဖို့ဒ်မှာ လက်ခံယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။