The network connection is lost.

Banner Image

ဒဏ်ရာနဲ့ပတ်သက်လို့ အပေါင်းလက္ခဏာဆောင်တဲ့ နောက်ဆုံးအခြေအနေကို ထုတ်ပြောလာတဲ့ ဟယ်ရီကိန်း

ယမန်နေ့ညပိုင်း၊ ဆွစ်ဇာလန်အသင်းကို အနိုင်ရရှိတဲ့ အင်္ဂလန်အသင်းရဲ့ပွဲစဉ်အတွင်း ဒဏ်ရာရရှိကာ လူစားလဲလှယ်ခဲ့ရပြီးနောက် ဟယ်ရီကိန်းက သူ့ရဲ့ဒဏ်ရာနဲ့ပတ်သက်လို့ အပေါင်းလက္ခဏာဆောင်တဲ့ နောက်ဆုံးအခြေအနေကို ရှင်းပြပြောဆိုလိုက်ပါတယ်။

ဒဏ်ရာအခြေအနေပေါ်ပေါက်ခဲ့တဲ့ ဖြစ်စဉ်မှာ အင်္ဂလန်အသင်းခေါင်းဆောင်က ပြိုင်ဘက်နောက်ခံလူ အကန်ဂျီနဲ့ ဘောလုံးယှဉ်လုချိန် အသင်းရဲ့အရန်ခုံတန်းအနီး ဆောက်ဂိတ်နဲ့ မတော်တဆတိုက်မိကာ လဲကျသွားခဲ့ပါတယ်။ ဒီနောက်မှာတော့ တိုက်စစ်မှူးကို နည်းစနစ်ဧရိယာအတွင်းရှိ အအေးပုံးတစ်ခုအပေါ် သူ့ရဲ့ဘယ်ခြေထောက်ကို ကိုင်ကာ မျက်နှာရှုံ့မဲ့မဲ့ဖြင့် ရှိနေခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။

ဒီဖြစ်စဉ်မှာ အထိအရှမရှိခဲ့တဲ့ အင်္ဂလန်အသင်းနည်းပြဆောက်ဂိတ်အနေဖြင့် ဘိုင်ယန်မြူးနစ်ကြယ်ပွင့်ကို ကူညီပေးဖို့ ကြိုးစားခဲ့ပါတယ်။ 

မိနစ်အနည်းငယ်အကြာမှာပဲ အသက်-၃၀ နှစ်အရွယ်ကစားသမားကို ဆောက်ဂိတ်က လူစားလဲလှယ်ခဲ့ပါတယ်။ ဒါပေမယ့် ဟယ်ရီကိန်းက သူ့ရဲ့ကြံ့ခိုင်မှုပိုင်းနဲ့ပတ်သက်လို့ အပေါင်းလက္ခဏာဆောင်တဲ့ နောက်ဆုံးအခြေအနေကို ထုတ်ပြောလာခဲ့ပြီး တူရကီကို ၂-၁ ဂိုးဖြင့် အနိုင်ယူလာတဲ့ နယ်သာလန်အသင်းနဲ့ရင်ဆိုင်ရမယ့် ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ပွဲထွက်ခွင့်ရရှိဖို့အတွက် အသင့်ဖြစ်နေလိမ့်မယ်လို့ ရှင်းပြလိုက်ပါတယ်။

အင်္ဂလန်အသင်းရဲ့လာမယ့်ပွဲစဉ်မှာ ပွဲထွက်ကစားပေးနိုင်မလားလို့ မေးမြန်းလာမှုကို ဟယ်ရီကိန်းက “ မှန်ပါတယ်၊ ကျွန်တော် အဆင်ပြေနေပါတယ်။ နည်းနည်းပင်ပန်းနေတယ်ဆိုရုံလောက်ပါပဲ။

ကြွက်တက်တဲ့ကိစ္စအနည်းငယ်လည်း ရှိခဲ့ပါတယ်။ ကျွန်တော် ရေသန့်ဗူးတွေကို နင်းမိပြီး ခြေသလုံးနှစ်ဖက်လုံးမှာ ကြွက်တက်နေခဲ့ပါတယ်။

နည်းပြကတော့ ပယ်နယ်တီကန်ရင် စိတ်ချရတဲ့ အိုင်ဗန်တိုနေးနဲ့ လူစားလဲလှယ်ဖို့ ခပ်မြန်မြန်ပဲ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ တိုနေးလည်း ကွင်းထဲဝင်လာပြီး အလုပ်ကို ပြီးမြောက်အောင် လုပ်ဆောင်ခဲ့ပါတယ်”လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

ဆက်လက်ပြီး ဟယ်ရီကိန်းက ဆွစ်ဇာလန်နဲ့ရင်ဆိုင်ရတဲ့ပွဲစဉ်မှာ အသင်းအတွက် အရေးပါတဲ့ချေပဂိုး သွင်းယူပေးခဲ့တဲ့ ဆာကာနဲ့ပတ်သက်လို့ ချီးကျူးစကားဆိုခဲ့ပါတယ်။

“ နေရာအသစ်မှာကစားရဖို့အတွက် ဆာကာက အရင်တုန်းက အဲ့ဒီနေရာ(ဘယ်အစွန်နောက်ခံလူနေရာ)မှာ ကစားခဲ့ဖူးတယ်ဆိုတာ ကျွန်တော်သိပါတယ်။ ဒါပေမယ့် သူ့ကို အသုံးပြုရတဲ့ပုံစံတော့ မတူညီတော့ပါဘူး။ ဂိုးသွင်းယူခြင်းဆိုတဲ့အလုပ်နဲ့ အသင်းကို ကူညီပေးဖို့ သူစိတ်အားထက်သန်ခဲ့တယ်ဆိုတာ ကျွန်တော်သိပါတယ်။

မိနစ် ၁၂၀ လုံး အဲ့ဒီလိုပုံစံမျိုးနဲ့ ဘောလုံးပိုင်ဆိုင်ထားချိန်မှာရော၊ ဘောလုံးဆုံးရှုံးချိန်မှာပါ ကစားရခဲ့လို့ ပွဲပြီးချိန် ဆာကာ ခြေကုန်လက်ပန်းကျနေတာကို ခင်ဗျားတို့တွေ မြင်တွေ့နိုင်ပါလိမ့်မယ်။

သူလုပ်ဆောင်ပြခဲ့တဲ့ပုံစံနဲ့ ပယ်နယ်တီကန်သွင်းဖို့ဆုံးဖြတ်ခဲ့တဲ့ စိတ်ပိုင်းဖြတ်မှုတွေက တကယ့်ထူးရှယ်ပုံစံမျိုး ဖြစ်ခဲ့ပါတယ်။ ဆာကာအတွက် ဂုဏ်ယူလို့ မဆုံးနိုင်ပါဘူး”လို့ ပြောပါတယ်။