The network connection is lost.

Banner Image

ဆွန်ဟောင်မင်နဲ့အတူ စံချိန်ချိုးနိုင်ခဲ့လို့ မော်ရင်ဟိုကို ချီးကျူးလိုက်တဲ့ ဟယ်ရီကိန်း

ဘိုင်ယန်စတား ဟယ်ရီကိန်းက တော့တင်ဟမ်မှာတုန်းက အသင်းဖော်ဟောင်း ဆွန်ဟောင်မင်နဲ့အတူ စံချိန်ချိုးနိုင်အောင် ကူညီပေးခဲ့တဲ့ နည်းပြဟောင်း မော်ရင်ဟိုကို ချီးကျူးလိုက်ပါတယ်။ ကိန်းက မော်ရင်ဟိုရဲ့နည်းစနစ်ပိုင်းကို ထောက်ပြခဲ့ပြီး တိုက်စစ်မှာ ဆွန်ဟောင်မင်နဲ့အတွဲညီခဲ့တာကို ကျေနပ်နေပါတယ်။ သူတို့ ၂ ယောက်ဟာ ပရီးမီးယားလိဂ်မှာ ၂ ဦးပေါင်း ၄၇ ဂိုးအထိသွင်းယူကာ စံချိန်တစ်ရပ်တင်နိုင်ခဲ့တာဖြစ်ပါတယ်။

ပြင်သစ်သတင်းဌာနနဲ့အင်တာဗျူးမှာ အင်္ဂလန်သားက ပေါ်တူဂီသားနည်းပြနဲ့ပတ်သက်ပြီး “ကျွန်တော် တော့တင်ဟမ်မှာတုန်းက ဆွန်နဲ့ တော်တော်လေးအတွဲညီခဲ့ပါတယ်။ ဆွန်က ပရီးမီးယားလိဂ်ရဲ့အကောင်းဆုံးကစားသမားတွေထဲကတစ်ယောက်ပါ။ ကျွန်တော်တို့ကြား ကောင်းမွန်တဲ့အချိတ်အဆက်ရှိခဲ့ပါတယ်။ မော်ရင်ဟိုရောက်လာချိန်မှာ ကျွန်တော်တို့ပိုအတွဲညီခဲ့ပါတယ်။ ကျွန်တော်က နံပတ် ၉ နေရာမှာကစားပြီး ဆွန်က ဘယ်ခြမ်းမှာတာဝန်ယူခဲ့ပါတယ်။ ပွဲအတွင်းမှာလည်း တစ်ဦးနဲ့တစ်ဦး နားလည်မှုရှိခဲ့ကြပါတယ်။ မော်ရင်ဟိုလက်အောက် ကျွန်တော်တို့ကြားက ချိတ်ဆက်မှု နဲ့ နားလည်နိုင်မှု တော်တော်လေးတိုးတက်ခဲ့သလို စံချိန်လည်းချိုးနိုင်ခဲ့ပါတယ်”လို့ ကိန်းက ဖြေကြားခဲ့ပါတယ်။

အခုဘိုင်ယန်မှာ မူစီယာလာနဲ့အတွဲညီမှုအပေါ်မှာလည်း “ မူစီယာလာနဲ့ အချိတ်အဆက်မိနိုင်မယ်လို့ ကျွန်တော်ထင်ပါတယ်။ ဘာလို့လဲဆိုတော့ အခုဆို တစ်ပွဲထက်တစ်ပွဲ ပိုအချိတ်အဆက်မိလာပါတယ်။ ကျွန်တော်တို့ကြားမှာ တစ်ဦးနဲ့တစ်ဦး နားလည်မှုပိုရှိလာပါတယ်”လို့ ဖြေကြားခဲ့ပါတယ်။ မိုချန်ဂလာဘတ်ကို ၁-၀ နဲ့အနိုင်ရပြီးနောက် ကိန်းရဲ့ဘိုင်ယန်အသင်းဟာ လာမယ့်ဇန်နဝါရီ ၁၅ ရက်နေ့မှာ ဟော့ဖန်ဟိမ်းနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။