The network connection is lost.

Banner Image

အမှတ်ပေးချန်ပီယံဆုအတွက် လေဗာကူဆင်ကသာ ရေပန်းအစားဆုံးလို့ ဝန်ခံလိုက်တဲ့ ဟယ်ရီကိန်း

ယမန်နေ့ညပိုင်း၊ ဘိုင်ယန်မြူးနစ်က မိန့်ဇ်ကို ၈-၁ ဂိုးဖြင့် ဂိုးပြတ်အနိုင်ရရှိခဲ့ပေမယ့် ဟယ်ရီကိန်းက အခုရာသီဘွန်ဒက်စ်လီဂါချန်ပီယံဆုအတွက် လက်ရှိအမှတ်ပေးဇယားဦးဆောင်သူလေဗာကူဆင်ကသာ ရေပန်းအစားဆုံးဖြစ်တယ်လို့ ဝန်ခံပြောဆိုလိုက်ပါတယ်။

အဆိုပါပွဲစဉ်မှာ ဟက်ထရစ်သွင်းယူနိုင်ခဲ့တဲ့ ဟယ်ရီကိန်းက ဂျာမန်မြေကစားသမားဘဝဗွေဆော်ဦးရာသီမှာ လိဂ်သွင်းဂိုး ၃၀ ဂိုးအထိ ပိုင်ဆိုင်လာခဲ့သလို ဂိုးဖန်တီးမှု ခြောက်ကြိမ်ပြုလုပ်ထားနိုင်တဲ့မှတ်တမ်းကောင်းကို ရေးထိုးနိုင်ခဲ့ပါတယ်။

 

အခုရလဒ်ပိုင်းက တူချယ်ရဲ့အသင်းကို အမှတ်ပေးဇယားတတိယနေရာရှိ စတုဂတ်ထက် လေးမှတ်အသာ၊ အိမ်ကွင်းမှာ ဝုဖ်ဘတ်နဲ့ရင်ဆိုင်ရဖို့ရှိနေတဲ့ လေဗာကူဆင်ရဲ့နောက်မှာ ခုနှစ်မှတ်အကွာအနေအထားဆီ ပို့ဆောင်ပေးခဲ့ပါတယ်။

ပွဲစဉ်အပြီး အင်္ဂလန်လက်ရွေးစင်တိုက်စစ်မှူးက “လက်တွေ့ကျကျပြောရရင်တော့ လေဗာကူဆင်ကသာ ဘွန်ဒက်စ်လီဂါချန်ပီယံဆုအတွက် ရေပန်းစားမှုအမြင့်ဆုံးလို့ ကျွန်တော်ထင်ပါတယ်။

 

ဒါကိုလည်း လူတိုင်းသိကြလိမ့်မယ်လို့ ထင်ပါတယ်။ ဒါပေမယ့် ဒီနေ့ပွဲစဉ်မှာ ကျွန်တော်တို့ကိုယ်တိုင် ကိုယ်လုပ်ရမယ့်အလုပ်တွေကို လုပ်နိုင်ခဲ့ကြပါတယ်။ ကိုယ်ယှဉ်ပြိုင်ရမယ့်ပွဲစဉ်တွေမှာ အနိုင်ရလဒ် ထွက်ပေါ်လာဖို့အတွက် ဖြစ်ပါတယ်။ ၁၀ ပွဲလောက် ကစားဖို့ ကျန်နေပါသေးတယ်။ ကျွန်တော်တို့ကိုယ်တိုင်လည်း ဒီပွဲစဉ်တွေကို အနိုင်ရရှိဖို့ ကြိုးစားသွားမှာဖြစ်ပြီး လေဗာကူဆင် ဘာဆက်ဖြစ်လာမလဲ စောင့်ကြည့်သွားရပါမယ်။ 

 

လေဗာကူဆင်က တကယ်ကောင်းမွန်တဲ့ဘောလုံးရာသီကို ပိုင်ဆိုင်နေပါတယ်။ ဒီအတွက် သူတို့ကို အသိအမှတ်ပြုပေးရပါမယ်။ ရာသီကုန်မှသာ အလုပ်တွေအားလုံး ပြီးစီးကြတာပါ။ အခုအချိန်ကတော့ အမြဲလိုလို အခက်အခဲဆုံးအခိုက်အတန့်တစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့က ကိုယ်လုပ်နိုင်မယ့်အရာတွေကို ကြိုးစားလုပ်ကိုင်ပြီး ပွဲစဉ်တွေကို အနိုင်ရရှိအောင်ကစားသွားရပါမယ်။ ပြီးရင်တော့ သူတို့တွေ အမှတ်လျှော့ကျဖို့ မျှော်လင့်ကြတာပေါ့”လို့ ပြောပါတယ်။

 

ပွဲကစားချိန် ၇၄ မိနစ်တိုင်း လိဂ်သွင်းဂိုး တစ်ဂိုး ရရှိအောင် စွမ်းဆောင်ထားနိုင်တဲ့ ဟယ်ရီကိန်းနဲ့အတူ ဘိုင်ယန်မြူးနစ်ဟာ သူတို့ရဲ့လက်ရှိချန်ပီယံဘွဲ့ကို ကာကွယ်ဖို့ အစွမ်းကုန်ကြိုးစားသွားပါလိမ့်မယ်။

ဟယ်ရီကိန်းက “ပွဲတိုင်းမှာ ပါဝင်ကစားနေရလို့ ကျွန်တော် ပျော်ရွှင်နေပါတယ်။ ကျွန်တော် ဒီခံစားချက်ကို နှစ်သက်ပါတယ်။ အခုလိုကြီးကျယ်ခမ်းနားတဲ့ကလပ်အသင်းကြီးတစ်ခုအတွက် ကစားပေးရလို့ ကျွန်တော် ပျော်ရွှင်မိပါတယ်။ ပွဲတွေကစားဖို့ အများကြီးကျန်နေပါသေးတယ်။ 

 

ဂိုး ၃၀ ထက်မနည်း သွင်းယူဖို့ ကျွန်တော်မျှော်လင့်ထားပါတယ်။ ကျွန်တော်တို့တွေ တစ်ပွဲချင်းစီပဲ ဆက်သွားကြတာပေါ့။ ကျွန်တော်တို့တွေ သီတင်းပတ်တစ်ခုစာလောက်တော့ အနားယူလို့ ရသွားပါပြီ။ ဒါပြီးရင်တော့ နောက်လာမယ့်သီတင်းပတ်မှာလည်း ဒီပုံစံအတိုင်း ဆက်ကြိုးစားရပါမယ်။ အသင်းရဲ့ တိုက်စစ်မှူးတစ်ဦးအဖြစ် ကိုယ့်ရဲ့သွင်းဂိုးတွေကို ပရိသတ်တွေက မျှော်လင့်နေပါတယ်။ အဲ့ဒီပုံစံအတိုင်း ကျွန်တော်စွမ်းဆောင်နိုင်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်”လို့ ဆက်ပြောခဲ့ပါတယ်။