အာဆင်နယ်ကိုငြင်းပယ်ပြီး ဒေါ့မွန်သို့သာ ပြောင်းရွှေ့ဖို့ဆုံးဖြတ်ခဲ့တဲ့ ဂွီရက်ဆီ
စတုဂတ်တိုက်စစ်မှူး ဆာဟူဂွီရက်ဆီဟာ အာဆင်နယ်သို့ ပြောင်းရွှေ့ဖို့အခွင့်အရေးကို ငြင်းပယ်ပြီး ဘွန်ဒက်စ်လီဂါပြိုင်ဘက်ဒေါ့မွန်သို့သာ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ဂျာမနီသတင်းတွေက ဖော်ပြလာခဲ့ပါတယ်။
အသက်-၂၈ နှစ်အရွယ် ကစားသမားဟာ ပြီးခဲ့တဲ့ရာသီက ဘွန်ဒက်စ်လီဂါမှာ ၂၈ ဂိုးအထိ သွင်းယူနိုင်ခဲ့တာကြောင့် ဂိုးသွင်းမုဆိုးအဖြစ် နာမည်ရလာခဲ့ပြီး ယခုနွေရာသီ အပြောင်းအရွှေ့မှာ အသင်းကြီးတွေရဲ့ ပစ်မှတ်ထားစောင့်ကြည့်ခြင်းကို ခံနေသူဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ထိပ်သီးကလပ်တွေဖြစ်တဲ့ အာဆင်နယ်၊ မန်ချက်စတာယူနိုက်တက်နဲ့ ချဲလ်ဆီးတို့ဟာ တိုက်စစ်မှူးကိုခေါ်ယူဖို့ စိတ်ဝင်စားနေခဲ့ကြပေမယ့် ယခုတစ်ပတ် အစောပိုင်းမှာတော့ ချဲလ်ဆီးက ကစားသမားကို ပစ်မှတ်စာရင်းထဲကနေ ပယ်ဖျက်ခဲ့ပါတယ်။
အေစီမီလန်ကတော့ ဂွီရက်ဆီကိုခေါ်ယူဖို့ပစ်မှတ်ထားနေတဲ့အပြင် ချဲလ်ဆီးတိုက်စစ်မှူး လူကာကူကိုပါ ဆန်ခါတင်စာရင်းထဲမှာ ထည့်သွင်းထာတာဖြစ်ပါတယ်။ ကစားသမားအနေနဲ့ ယခုနှစ်နွေရာသီမှာ စတုဂတ်ကနေထွက်ခွာဖို့ ဆန္ဒရှိနေပြီး စာချုပ်ဖျက်သိမ်းကြေးမှာလည်း ပေါင် ၁၇ သန်းသာရှိတာကြောင့် မကြာမီမှာပဲ ကလပ်အသင်းသစ်တစ်ခုက အပြီးသတ်ခေါ်ယူနိုင်ဖို့ သေချာသလောက်ရှိနေပါတယ်။
ဒေါမွန့်အနေနဲ့ ဂွီရက်ဆီကို အာဆင်နယ်ကပစ်မှတ်ထားနေတာကြောင့် စိုးရိမ်မှုတွေရှိခဲ့ပေမယ့် ယခုအခါမှာတော့ စတုဂတ်ဘက်မှ ထုတ်ပြန်ချက်အရ ကစားသမားဟာ ပြီးခဲ့တဲ့ရာသီက ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ရှုံးနိမ့်ခဲ့တဲ့အသင်းကိုသာ ရွေးချယ်ဖို့ဆုံးဖြတ်ခဲ့တယ်လို့သိရပါတယ်။ သတင်းတွေအရ ဒေါ့မွန်ဟာ စတုဂတ်မှာ တစ်ပတ်လုပ်ခပေါင် ၆ သောင်းခွဲရနေတဲ့ ဂွီရက်ဆီရဲ့လစာကို ၃ ဆလောက်အထိ တိုးမြှင့်ပေးချေသွားရမယ်လို့ သိရပါတယ်။ ဒါ့အပြင်ဒေါ့မွန်ဟာ ပြိုင်ဘက်အသင်းတွေကို အသာရစေဖို့ ကစားသမားအတွက်ပြောင်းရွှေ့ကြေးပေါင် ၈.၄ သန်းအထိ ပြင်ဆင်ထားတယ်လို့သိရပါတယ်။
သို့သော်လည်း ကစားသမားရဲ့လုပ်ခလစာ၊ ခေါ်ယူမှုဆိုင်ရာဘောနပ်စ်နဲ့ ပြောင်းရွှေ့ကြေးတို့အပါအဝင်ကိုမှ ဒေါမွန်ဟာ စုစုပေါင်း ပေါင်သန်း ၅၀ လောက်ပဲ ကုန်ကျသွားမှာဖြစ်ပါတယ်။ ယခုလအစောပိုင်းမှာ ဘင်ဂျမင်ဆက်ဆကိုက လိုက်ပ်ဇစ်မှာသာ ဆက်လက်ကစားဖို့ဆုံးဖြတ်ခဲ့တာကြောင့် အာဆင်နယ်အနေနဲ့ တိုက်စစ်မှူးကို လက်လွှတ်ထားခဲ့ရပြီး ယခုအခါမှာတော့ နောက်တစ်ယောက်ကို ထပ်မံလက်လွှတ်ခဲ့ရတာဖြစ်ပါတယ်။