
ယာဂန်ကလော့ပ်နဲ့ အန်းစလော့ကို နှိုင်းယှဉ်နေမှုမှာ ပါဝင်ဖို့ ငြင်းဆန်ခဲ့တဲ့ ပက်ဂွါဒီယိုလာ
မနက်ဖြန်၊ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် လီဗာပူးကို ဧည့်ခံကစားဖို့ ပြင်ဆင်နေချိန်မှာပဲ မန်စီးတီးနည်းပြ ပက်ဂွါဒီယိုလာက ယာဂန်ကလော့ပ်နဲ့ အန်းစလော့တို့ကို နှိုင်းယှဉ်နေမှုမှာ ပါဝင်ဖို့ ငြင်းဆန်သွားခဲ့ပါတယ်။ အန်းစေလာ့က ပြီးခဲ့တဲ့နွေရာသီကာလမှာပဲ ယာဂန်ကလော့ပ်ရဲ့ရာထူးကို ဆက်ခံခဲ့ပြီး လီဗာပူးအသင်းကို ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးနေရာမှာ ရပ်တည်နိုင်ဖို့ ဦးဆောင်ပေးနေပါတယ်။ ဒါပေမယ့် ပက်ဂွါဒီယိုလာကတော့ ပြိုင်ဘက်နည်းပြနှစ်ဦးအကြား နှိုင်းယှဉ်နေမှုလုပ်ငန်းစဉ်မှာ ပါဝင်ဖို့ ငြင်းဆန်သွားခဲ့ပါတယ်။
မန်စီးတီးအတွက် စိတ်ပျက်ဖွယ် ၂၀၂၄-၂၀၂၅ ဘောလုံးရာသီအတွင်း အန်းစလော့ရဲ့လီဗာပူးအသင်းက ပရီးမီးယားလိဂ်မှာ ပက်ဂွါဒီယိုလာရဲ့အသင်း ကြီးစိုးနေမှုကိုရပ်တန့်သွားအောင် လုပ်ဆောင်နိုင်ဖို့အရေး ရေပန်းအစားဆုံးဖြစ်နေပါတယ်။ ပက်ဂွါဒီယိုလာနဲ့ ယာဂန်ကလော့ပ်တို့ရဲ့ ၂၀၁၆ခုနှစ်မှ ၂၀၂၄ ခုနှစ်အတွင်း ယှဉ်ပြိုင်မှုတွေက ပရီးမီးယားလိဂ်သမိုင်းတလျှောက်အကြိတ်အနယ်အရှိဆုံးယှဉ်ပြိုင်မှုတွေအနက် တစ်ခုဖြစ်ခဲ့ပေမယ့် ဒီကာလအတွင်း မန်စီးတီးက လိဂ်ချန်ပီယံဆု ခြောက်ကြိမ်တိုင်ရရှိခဲ့ပြီး လီဗာပူးကတော့ တစ်ကြိမ်သာ အောင်နိုင်ခဲ့ပါတယ်။
ပက်ဂွါဒီယိုလာက “ ဒီနည်းပြနှစ်ဦး နှိုင်းယှဉ်ပေးဖို့ တောင်းဆိုလာမှုအပေါ်မှာ ကျွန်တော့်အတွက် အဖြေပေးစရာ စကားလုံး မရှိပါဘူး။ ကျွန်တော်က ယာဂန်ကလော့ပ်ကို အထူးလေးစားပြီး ဒီလိုနှိုင်းယှဉ်နေမှုမှာ ပါဝင်သွားမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့က ဘယ်အသင်းနဲ့မဆို ယှဉ်ပြိုင်နိုင်စွမ်းရှိပါတယ်။ ကျွန်တော်တို့တွေ ဗဟိုခံစစ်မှူးနှစ်ဦးကို နှစ်လ၊ သုံးလလောက် လက်လွှတ်ခဲ့ရပါတယ်။ ကျွန်တော်တို့အတွက် ပရီးမီးယားလိဂ်ပြိုင်ပွဲက အလွန်အရေးကြီးပါတယ်။ ပွဲကောင်းတစ်ခုဖြစ်လာဖို့အတွက် ကျွန်တော်တို့ ကြိုးစားသွားရပါလိမ့်မယ်”လို့ ပြောပါတယ်။
မန်စီးတီးက မနက်ဖြန်၊ အီတီဟတ်မှာ သူတို့ရဲ့ချန်ပီယံလိဂ်ဝင်ခွင့်မျှော်လင့်ချက်အလားအလာကို တိုးမြှင့်ရင်း လီဗာပူးရဲ့ချန်ပီယံဆုမျှော်လင့်ချက်ကို အတားအဆီးဖြစ်သွားအောင်လုပ်ဆောင်ဖို့အတွက် အခွင့်အလမ်းတစ်ခု ပိုင်ဆိုင်ထားပါတယ်။ လီဗာပူးကတော့ အခုပွဲစဉ်မှာ အနိုင်ရရှိမယ်ဆိုရင် အနိမ့်ဆုံး အမှတ်ပေးဇယားထိပ်ဆုံးနေရာမှာ ရှစ်မှတ်အသာဖြင့်ဦးဆောင်ထားမှုကို ဆက်လက်ထိန်းသိမ်းသွားနိုင်ပါလိမ့်မယ်။