
The network connection is lost.

ယမန်နေ့ညပိုင်း၊ မန်ချက်စတာဒါဘီမှာ သွင်းဂိုးနှစ်ဂိုး သွင်းယူရင်း ခြေစွမ်းပြခဲ့ပြီးနောက် ဖိုဒန်ကို ကမ္ဘာ့အဆင့်အဖြစ်သတ်မှတ်ကာ ပရီးမီးယားလိဂ်ရဲ့အကောင်းဆုံး ကစားသမားလို့ မန်စီးတီးနည်းပြ ပက်ဂွါဒီယိုလာက ချီးကျူးဂုဏ်ပြုလိုက်ပါတယ်။
မြို့ခံပြိုင်ဘက်မန်ချက်စတာယူနိုက်တက်ကို ၃-၁ ဂိုးဖြင့် အနိုင်ရရှိမှုနဲ့အတူ မန်စီးတီးက လာမယ့်တနင်္ဂနွေနေ့၊ အန်ဖီးလ်ကွင်းမှာ ရင်ဆိုင်ရမယ့်ပွဲစဉ်မတိုင်ခင် အမှတ်ပေးဇယားဦးဆောင်သူ လီဗာပူးကို တစ်မှတ်အကွာဖြင့် ဆက်လက်ဖိအားပေးနေပါတယ်။ တန်ဟက်ရဲ့အသင်းကို ဟာလန်းက သွင်းဂိုးတစ်ဂိုးဖြင့် ဆက်လက်ဆုံးမခဲ့ပေမယ့် ကစားသမားဘဝသွင်းဂိုးအများဆုံး ဘောလုံးရာသီအဖြစ် ၁၈ ဂိုးအထိသွင်းယူထားနိုင်တဲ့ မန်စီးတီးအကယ်ဒမီထွက် ဖိုဒန်ကပဲ ကျွမ်းကျင်သူတွေရဲ့ချီးကျူးမှုတွေကို သိမ်းပိုက်သွားခဲ့ပါတယ်။
ပက်ဂွါဒီယိုလာက “အခုအချိန်မှာတော့ ဖိုဒန်ဟာ ပရီးမီးယားလိဂ်ရဲ့အကောင်းဆုံး ကစားသမားပါ။ ကမ္ဘာ့အဆင့်ဖြစ်လာဖို့ဆိုရင် ပွဲစဉ်တွေကို အနိုင်ယူဖို့ လိုအပ်ပါတယ်။ သူ ပြိုင်ပွဲတွေကို အနိုင်ယူနေပါတယ်။ အမြဲတမ်းသွင်းဂိုးတွေ ရယူနေပေမယ့် အခုဆိုရင် ပွဲစဉ်တွေကို ဖိုဒန် အနိုင်ရရှိနေပါပြီ။ ဒီလိုလုပ်လိုက်နိုင်ပြီဆိုရင် ကစားသမားတစ်ဦးအဖြစ် နောက်ထပ်အဆင့်အတန်းတစ်ခုဆီ ရောက်ရှိသွားပါတယ်။ သူ့ရဲ့အသက်အရွယ်၊ ကစားခဲ့ရတဲ့ပွဲစဉ်တွေ၊ မိနစ်တွေ၊ သွင်းယူခဲ့တဲ့ဂိုးတွေ၊ အနိုင်ရရှိခဲ့တဲ့ဆုဖလားတွေနဲ့ ဒီအသင်းနဲ့အတူ ရှိနေခဲ့မှုတွေကြောင့် ဖိုဒန်က ဂန္တဝင်ကစားသမားတစ်ဦး ဖြစ်လာပါလိမ့်မယ်။ ဒါကြောင့်ပဲ သူနဲ့ အသင်းပရိသတ်တွေအကြား ဆက်နွယ်မှုက အံ့မခန်းစရာဖြစ်နေတာပါ”လို့ ပြောပါတယ်။
မန်စီးတီးကြယ်ပွင့်တွေက ဖိုဒန်ကို ‘စနိုက်ပါ’လို့ အမည်ပြောင်ပေးထားပေမယ့် သူ့ရဲ့စွယ်စုံရအရည်အချင်းတွေက ဂါရက်ဆောက်ဂိတ်အတွက် အထင်ကြီးစရာဖြစ်ပြီး အသက်-၂၃ နှစ်အရွယ်မှာပဲ အနာဂတ်အင်္ဂလန်လက်ရွေးစင်အသင်းရဲ့အဓိကမဏ္ဍိုင်ကစားသမားတစ်ဦး ဖြစ်လာပါတယ်။ ပက်ဂွါဒီယိုလာကတော့ ဖိုဒန်ဟာ ကွင်းလယ်လူတစ်ဦးအဖြစ် အမြင့်ဆုံးအဆင့်အတန်းတွေမှာ ပွဲစဉ်တွေကို ဘယ်လို အဆုံးအဖြတ်ပေးရမလဲဆိုတာကို သင်ယူလေ့လာနေပြီလို့ ယုံကြည်နေပါတယ်။
မန်စီးတီးနည်းပြက “ဖိုဒန်ကစားနေချိန်မှာ သွင်းဂိုးတွေ၊ ဘောလုံးနဲ့အတူ ကျော်ဖြတ်ရမယ့်ကိစ္စတွေ အတွက် အမြဲလိုလိုပြင်းပြင်းထန်ထန်အားထုတ်ပါတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ သူ ပိုရင့်ကျက်လာပြီး ခံစစ်ပိုင်းကို ဘယ်လိုကစားရမလဲဆိုတာ နားလည်လာပါပြီ။ ဖိုဒန်ရဲ့ဘောလုံးကိုပြန်ဆယ်ယူနိုင်တဲ့ အခိုက်အတန့် သုံး၊လေးခုလောက်ကို ခင်ဗျားတို့ မြင်ခဲ့ရတယ်မလား? သူက ပွဲစဉ်တွေကို ကိုင်တွယ်နိုင်စွမ်းရှိတဲ့ ကစားသမားတစ်ဦးဖြစ်ပြီး ဒီလိုစိတ်ဓါတ်ပိုင်းပဲ ကျွန်တော်တို့မှာ ရှိနေပါတယ်။ ဒါကြောင့်ပဲ ဖိုဒန်က ကျွန်တော်တို့အတွက်ရော၊ နိုင်ငံ့လက်ရွေးစင်အသင်းအတွက်ပါ အရမ်းအရေးပါတဲ့ကစားသမားတစ်ဦး ဖြစ်နေတာပါ”လို့ ဆက်ပြောခဲ့ပါတယ်။
ဖိုဒန်က “ပွဲကြီးပွဲကောင်းတွေမှာ ရလဒ်ပိုင်းအလှည့်အပြောင်းဖြစ်သွားစေဖို့က ကျွန်တော့်ရဲ့ရည်မှန်းချက်ပါ။ ဒါကိုပဲ ကျွန်တော်လုပ်ချင်နေပြီး အခုဘောလုံးရာသီမှာ ဒီလိုအလှည့်အပြောင်းမျိုးတွေ ကျွန်တော်လုပ်ခဲ့တယ်လို့ ယူဆမိပါတယ်။ ကျွန်တော်ကတော့ ဆက်ပြီးကြိုးစားနေဦးမှာပဲ”လို့ ဆိုပါတယ်။