The network connection is lost.

Banner Image

ချန်ပီယံလိဂ်ဝင်ခွင့်မရပါက မန်စီးတီးအတွက် ဘဏ္ဍာရေးဆိုင်ရာပြဿနာတွေ ဖြစ်ပေါ်လာနိုင်ကြောင်း ပြောကြားလာတဲ့ ဂွါဒီယိုလာ

မန်ချက်စတာစီးတီနည်းပြ ပက်ဂွါဒီယိုလာက ယခုရာသီကုန်မှာ ချန်ပီယံလိဂ်ဝင်ခွင့်သာမရခဲ့ဘူးဆိုပါက အသင်းအတွင်း ဘဏ္ဍာရေးဆိုင်ရာပြဿနာတွေ ဖြစ်ပေါ်လာနိုင်တယ်လို့ ပြောကြားလာခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ မန်စီးတီးဟာ အသင်းရဲ့နောက်ဆုံး ၂၁ နှစ်တာကာလအတွင်းအဆိုးဝါးဆုံး အခြေအနေနဲ့ ကြုံတွေ့နေရပြီး ပြိုင်ပွဲစုံနောက်ဆုံး ၁၂ ပွဲမှာ ၉ ပွဲအထိ အရေးနိမ့်ထားခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ဂွါဒီယိုလာအနေနဲ့ လက်ရှိအသင်းရဲ့အခြေအနေကို စိုးရိမ်နေသော်လည်း ပုံမှန်ချန်ပီယံလိဂ်ဝင်ခွင့်မရမှာကို ပိုမိုစိုးရိမ်မိကြောင်း ပြောကြားလာခဲ့တာဖြစ်ပါတယ်။ 

ပရီးမီးယားလိဂ်နောက်ဆုံး ၁၂ ပွဲမှာ နိုင်ပွဲ ၁ ပွဲသာရှိခဲ့တဲ့ မန်စီးတီးဟာ ကြာသပတေးနေ့ညမှာတော့ အဲဗာတန်ကို အိမ်ကွင်းအီတီဟတ်မှာ ဧည့်ခံကစားသွားရမှာဖြစ်ပါတယ်။ ပြည်တွင်းပြိုင်ပွဲတွေမှာသာမက ဂွါဒီယိုလာရဲ့အသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း ရုန်းကန်နေရဆဲဖြစ်ပြီး ချန်ပီယံလိဂ်အမှတ်ပေးဇယားရဲ့ အဆင့် ၁၄ နေရာမှာသာရပ်တည်ထားနိုင်တာဖြစ်ပါတယ်

မန်စီးတီးသို့စတင်ရောက်ရှိကတည်းက ရာသီတိုင်းမှာ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ကို ဟာသတစ်ခုလို သဘောထားခဲ့တဲ့ ဂွါဒီယိုလာဟာ ယခုအခါမှာတော့ “တကယ်လို့ ချန်ပီယံလိဂ်ဝင်ခွင့်သာလွဲချော်ခဲ့မယ်ဆိုရင် ဘဏ္ဍာရေးဆိုင်ရာပြဿနာတွေနဲ့ ကြုံရနိုင်ပါတယ်။ ပြီးတော့ ပြဿနာက ဒါပဲဖြစ်မှာမဟုတ်ပါဘူး။ အရင်တုန်းက ကျွန်တော်ပရီးမီးယားလိဂ်ဖလားကို ယူနိုင်တယ်လို့ပြောတုန်းက လူတိုင်းက ကျွန်တော့်ကို စိတ်ကြီးဝင်နေတဲ့ကောင်လို့ ထင်ခဲ့ကြပါတယ်။ သူတို့အမြင်မှာ ချန်ပီယံလိဂ်ဝင်ခွင့်ရတာကိုတောင် ကြီးမားတဲ့အောင်မြင်မှုလို့ မထင်ကြပါဘူး။ ဒါကိုကျွန်တော်နားလည်ပါတယ်။ ဒီနိုင်ငံကအသင်းကြီးတွေအတွက် ဒါက ကြီးမားတဲ့အောင်မြင်မှုမဟုတ်ပါဘူး။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၁-၁၂ နှစ်အတွင်း ဒီလိဂ်မှာ ပုံမှန် ချန်ပီယံလိဂ်ဝင်ခွင့်ရခဲ့တဲ့အသင်းက မန်စီးတီးပါ။ ဒါပေမယ့် အခုချိန်မှာတော့ အန္တရာယ်ဖြစ်လာပါပြီ” လို့ပြောကြားခဲ့ပါတယ်။ 

လက်ရှိအချိန်မှာတော့ မန်စီးတီးဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့ အဆင့် ၇ နေရာမှာရပ်တည်နေပြီး ထိပ်ဆုံး ၄ သင်းနေရာကိုတက်လှမ်းနိုင်ဖို့ နော်တင်ဟမ်ဖောရက်စ်၊ ဘုန်းမောက်တို့လိုအသင်းတွေနဲ့ ယှဉ်ပြိုင်သွားရဖို့ရှိနေပါတယ်။ 

အဲဗာတန်နဲ့ပွဲစဉ်မတိုင်မီ မန်စီးတီးဟာ အသင်းရဲ့ဂိုးသမား အီဒါဆန်ရဲ့ ကြံ့ခိုင်ရေးအခြေအနေကြောင့် ဘရာဇီးသားကို အဆိုပါပွဲစဉ်မှာ အသုံးပြုဖို့ မသေချာတဲ့အခြေအနေမှာရှိနေပါတယ်။ ဒါကြောင့် အသင်းရဲ့ ဒဏ်ရာပြဿနာတွေကလည်း ဂွါဒီယိုလာရဲ့ရုန်းကန်ရမှုတွေအတွက် အဓိကပြဿနာဖြစ်နိုင်တယ်လို့ ယူဆရပါတယ်။ 

ဆက်လက်ပြီး ဂွါဒီယိုလာက အသင်းဥက္ကဌထံမှာ ထောက်ခံမှုအပြည့်အဝရရှိထားကြောင်းကို “ကျွန်တော်ကလပ်ဥက္ကဌနဲ့ အပတ်တိုင်းစကားပြောဖြစ်ပါတယ်။ သူ့ဆီကနေ မယုံနိုင်လောက်အောင်ထောက်ခံမှု ရရှိထားပါတယ်။ အခုလိုခက်ခဲတဲ့အခြေအနေတွေမှာ ကျွန်တော်တို့ ခက်ခဲတဲ့ဆုံးဖြတ်ချက်တွေချရတယ်ဆိုတာ နှစ်ယောက်စလုံးနားလည်ထားပါတယ်။ သူ့ဆီကနေ ထောက်ခံမှုအပြည့်အဝရရှိထားပါတယ်” လို့ပြောကြားခဲ့ပါတယ်။