The network connection is lost.

Banner Image

ယူရို ၂၀၂၀ ပြိုင်ပွဲမှာ အီတလီအတွက် ပါဝင်ကစားပေးဖို့ နီးစပ်ခဲ့ဖူးကြောင်း ဖွင့်ဟလာတဲ့ ရာဖင်ဟာ

ဘာစီလိုနာတောင်ပံကစားသမား ရာဖင်ဟာက သူဟာ အီတလီလက်ရွေးစင်အသင်းနဲ့အတူ ၂၀၂၀ ယူရိုချန်ပီယံရှစ်ပြိုင်ပွဲမှာ ပါဝင်ကစားဖို့ အလွန်နီးစပ်ခဲ့ဖူးကြောင်း ဖွင့်ဟပြောကြားလာခဲ့ပါတယ်။

လက်ရှိအချိန်မှာတော့ ရာဖင်ဟာတစ်ယောက် ဘရာဇီးလက်ရွေးစင်အသင်းအတွက် စုစုပေါင်း ၃၃ ပွဲပါဝင်ကစားထားပြီး ၁၁ ဂိုးအထိ သွင်းယူပေးထားပါတယ်။ သို့သော်လည်း ၂၀၂၀ ခုနှစ်ယူရိုပြိုင်ပွဲမှာ ရာဖင်ဟာအနေနဲ့ အီတလီအသင်းအတွက် ပါဝင်ကစားခဲ့မယ်ဆိုရင် ပရိသတ်တွေအနေနဲ့ လက်ရှိအချိန်မှာ ဘရာဇီးသားကို အီတလီအသင်းမှာပဲ မြင်တွေ့နေရမှာဖြစ်ပါတယ်။ 

ရာဖင်ဟာရဲ့ ဖခင်ဖြစ်သူဟာ အီတလီလူမျိုးမှ ဆင်းသက်လာသူဖြစ်တာကြောင့် ရာဖင်ဟာအနေနဲ့ အီတလီလက်ရွေးစင်အသင်းအတွက် ကိုယ်စားပြုယှဉ်ပြိုင်ဖို့ အခွင့်အရေးရှိခဲ့တာဖြစ်ပါတယ်။ ယခုအခါမှာ ရာဖင်ဟာက သူ့အနေနဲ့လည်း အီတလီအသင်းအတွက် ကစားပေးဖို့ ဆန္ဒရှိခဲ့ပေမယ့် နိုင်ငံကူးလက်မှတ် အချိန်မီမရခဲ့တာကြောင့် ၂၀၂၀ ယူရိုပြိုင်ပွဲမှာ မပါဝင်နိုင်ခဲ့တာဖြစ်ကြောင်း ဖွင့်ဟပြောကြားလာခဲ့ပါတယ်။ အီတလီဟာ ရာဖင်ဟာမပါဝင်ခဲ့ပေမယ့် ဗိုလ်လုပွဲမှာ အင်္ဂလန်ကို ပင်နယ်တီအဆုံးအဖြတ်နဲ့အနိုင်ယူပြီး ၂၀၂၀ ယူရိုဖလားကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။

တောင်ပံကစားသမားက "အီတလီလက်ရွေးစင်အသင်းရဲ့ ဆင့်ခေါ်မှုကို ကျွန်တော်လက်ခံရရှိခဲ့ပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း အီတလီအတွက် ကစားပေးချင်ခဲ့ပါတယ်။ သွားဖို့လည်း အဆင်သင့်ဖြစ်နေခဲ့တယ်။ ဒါပေမယ့် ကံကောင်းစွာပဲ နိုင်ငံကူးလက်မှတ်က အချိန်မီမရောက်ခဲ့ပါဘူး။ အဲဒီတုန်းက အီတလီကလူတွေ ကျွန်တော့်ကို ခေါ်နေခဲ့ကြပါတယ်။ ဂျော်ဂျင်ဟိုဆိုရင် ဆက်တိုက်ကို ဖုန်းဆက်နေခဲ့တာပါ"

"အဲဒီတုန်းက အီတလီနည်းပြတွေမှာ ကျွန်တော့်အတွက် ပရောဂျက်တစ်ခုရှိတယ်လို့ ပြောပါတယ်။ ကျွန်တော်ကလည်း အဲဒီပရောဂျက်ကို တော်တော်သဘောကျနေတာပါ။ ဒါပေမယ့် တစ်ချိန်တည်းမှာပဲ ကျွန်တော့်ရဲ့နှလုံးသားအောက်ခြေမှာ ဘရာဇီးအသင်းအတွက် ကစားပေးဖို့ ဆန္ဒရှိနေခဲ့ပါတယ်။ ဘရာဇီးဂျာစီကိုဝတ်ဆင်ဖို့ မျှော်လင့်ချက်ရှိနေတဲ့အချိန်ပါ။ နိုင်ငံကူးလက်မှတ်ကို အချိန်မီမရလိုက်တာ ကံကောင်းတယ်လို့ပြောရမှာပါပဲ။ အခုတော့ ကိုယ့်နိုင်ငံအတွက် ကိုယ်တိုင်ကစားခွင့်နေရပါပြီ။ ဒါကို ကျွန်တော်ဘာနဲ့မှ မလဲနိုင်ပါဘူး" လို့ပြောကြားခဲ့ပါတယ်။ 

လာမယ့် ဇွန်လ ၆ ရက်နေ့မှာတော့ ဘရာဇီးဟာ တောင်အမေရိကဇုန် ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်အဖြစ် အီကွေဒေါနဲ့ ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး အဆိုပါနေ့မှာပဲ အီတလီက ဥရောပဇုန် ကမ္ဘာ့ဖလားခြေစစ်ပွဲအဖြစ် နော်ဝေးနဲ့ ကစားသွားရပါမယ်။