
လီဗာပူးမှာကစားစဉ်က ဗင်နီစီးယက်စ်နဲ့ထိပ်တိုက်တွေ့ဆုံတိုင်း အကျပ်ရိုက်ခဲ့ဖူးကြောင်းဖွင့်ဟလာတဲ့ အာနိုးလ်
ယခုနွေရာသီအတွင်း ရီးရဲလ်မက်ဒရစ်သို့စတင်ပြောင်းရွှေ့လာခဲ့တဲ့ နောက်ခံလူ အလန်ဇန်းဒါးအာနိုးလ်က သူဟာ လီဗာပူးမှာကစားစဉ်က ဗင်နီစီးယက်စ်နဲ့ထိပ်တိုက်တွေ့ဆုံတိုင်း ခက်ခက်ခဲခဲထိန်းချုပ်ခဲ့ရကြောင်း ဝန်ခံပြောကြားလာခဲ့ပါတယ်။
ယခင်က ချန်ပီယံလိဂ်ပြိုင်ပွဲမှာ လီဗာပူးနဲ့ ရီးရဲလ်မက်ဒရစ်တို့ ထိပ်တိုက်တွေ့တဲ့အခါတိုင်း အာနိုးလ်နဲ့ ဗင်နီစီးယက်စ်တို့ကလည်း ပြိုင်ဘက်တွေအဖြစ် ရင်ဆိုင်ခဲ့ကြရတာဖြစ်ပါတယ်။ ယခုအခါမှာတော့ ကစားသမား ၂ ဦးစလုံးဟာ ရီးရဲလ်မက်ဒရစ်မှာ အသင်းဖော်တွေအဖြစ် တွဲဖက်ကစားနေကြပြီဖြစ်လို့ လေ့ကျင့်ရေးကွင်းမှာသာ ယှဉ်ပြိုင်နေကြရပါတယ်။
အာနိုးလ်အနေနဲ့ ဗင်နီစီးယက်စ်နဲ့ထိပ်တိုက်တွေ့ဆုံခဲ့ရာမှာ တစ်ကြိမ်မှအနိုင်မရခဲ့ဘဲ အထူးသဖြင့် ၂၀၂၂ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ဘရာဇီးသားဟာ ရီးရဲလ်မက်ဒရစ်အတွက် တစ်လုံးတည်းသောအနိုင်ဂိုးကိုသွင်းယူခဲ့တာကြောင့် လီဗာပူးဟာ ဒုတိယနဲ့သာကျေနပ်ခဲ့ရတာဖြစ်ပါတယ်။ သောကြာနေ့နံနက်က ဆဲလ်ဘတ်ကို ၀-၃ နဲ့အနိုင်ရခဲ့တဲ့ ကလပ်ကမ္ဘာ့ဖလားအုပ်စုအဆင့်ပွဲစဉ်မှာလည်း ဗင်နီစီးယက်စ်ဟာ ပြိုင်ဘက်နောက်ခံလူတွေရဲ့ပစ်မှတ်ထားလူကပ်ကစားခံခဲ့ရပေမယ့် ဦးဆောင်ဂိုးသွင်းယူကာ ဂိုးဖန်တီးမှုလည်း ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။
ပွဲအပြီးမှာတော့ ဗင်နီစီးယက်စ်နဲ့ပတ်သက်ပြီး အာနိုးလ်က "အရင်တုန်းကဆို ဗင်နီစီးယက်စ်က ကျွန်တော့်ကို အတော်လေးဒုက္ခပေးခဲ့ပါတယ်။ ဒါပေမယ့် အခုတော့ ကျွန်တော့်ထက်အခြားကစားသမားတွေကိုဒုက္ခဆက်ပေးနေလို့ တော်ပါသေးတယ်" လို့ပြောကြားခဲ့ပါတယ်။ ဆဲလ်ဘတ်ကိုအနိုင်ရပြီးနောက် ရီးရဲလ်မက်ဒရစ်ဟာ အုပ်စုဗိုလ်နဲ့ ကလပ်ကမ္ဘာ့ဖလား ရှုံးထွက် ၁၆ သင်းအဆင့်သို့တက်လှမ်းသွားခဲ့ပြီဖြစ်ပြီး လာမယ့်ဗုဒ္ဓဟူးနေ့မှာ စီးရီးအေထိပ်သီးကလပ် ဂျူဗင်တပ်စ်နဲ့ ဆက်လက်ယှဉ်ပြိုင်သွားရပါမယ်။