The network connection is lost.

Banner Image

မန်စီးတီးသို့ပြောင်းရွှေ့ဖို့ ဖခင်ဖြစ်သူကတိုက်တွန်းခဲ့တယ်လို့ ဖွင့်ဟလာတဲ့ ဂွန်ဇာလက်ဇ်

မန်ချက်စတာစီးတီးကွင်းလယ်လူသစ် နီကိုဂွန်ဇာလက်ဇ်က ပေါ်တိုမှထွက်ခွာပြီး ပက်ဂွါဒီယိုလာရဲ့အသင်းသို့ပြောင်းရွှေ့ဖို့ ဖခင်ဖြစ်သူမှတိုက်တွန်းခဲ့ကြောင်း ဖွင့်ဟပြောကြားလာခဲ့ပါတယ်။ အသက်-၂၃ နှစ်အရွယ်ကစားသမားဟာ ဆောင်းရာသီဈေးကွက်ရဲ့နောက်ဆုံး နေ့ရက်မှာ မန်စီးတီးသို့ပေါင်သန်း ၅၀ နဲ့ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။ ဂွန်ဇာလက်ဇ်ရဲ့ဖခင်က တစ်ချိန်က မန်စီးတီးအကယ်ဒမီမှာ အလုပ်လုပ်ခဲ့ဖူးပြီး ထိုစဉ်က ဂွန်ဇာလက်ဇ်ဟာ ဆယ်ကျော်သက်အရွယ်သာရှိပါသေးတယ်။ 

ယခုအခါမှာ ကစားသမားက “ကျွန်တော့်အဖေက ဒီမှာ ၂ နှစ်လောက်နေခဲ့ဖူးပါတယ်။ ဒါကြောင့်ပဲ အခွင့်အရေးရရင် ဒီအသင်းကိုပြောင်းဖို့ ကျွန်တော့်ကိုအမြဲတမ်းတိုက်တွန်းနေခဲ့ပါတယ်။ မန်စီးတီးရဲ့ကောင်းကြောင်းတွေကိုလည်း ကျွန်တော့်ကိုအမြဲတမ်းပြောပါတယ်။ ဒီမှာနေရင် ပျော်ရွှင်ရလိမ့်မယ်လို့လည်း အာမခံထားပါတယ်။ ကျွန်တော်လည်း ဒီကိုအရင်က တစ်ခေါက်ရောက်ခဲ့ဖူးပြီး တကယ်လည်းကြိုက်ခဲ့ပါတယ်”

“ကျွန်တော်ဆုံးဖြတ်ချက်မမှားဖို့ သူကအမြဲတမ်းအကြံပေးလေ့ရှိပါတယ်။ ဒါကြောင့် ဒီကိုလာတာ ကျွန်တော့်အတွက်အကောင်းဆုံးဖြစ်မယ်လို့ ယုံကြည်ထားပါတယ်။ အရင်တုန်းကလည်း ကျွန်တော်ဒီမှာကစားတာကို မြင်ချင်တယ်လို့သူပြောဖူးပါတယ်။ အခုတော့ သူဂုဏ်ယူရဖို့ ကျွန်တော်ကြိုးစားသွားရပါမယ်” လို့ပြောကြားခဲ့ပါတယ်။ 

ဂွန်ဇာလက်ဇ်ဟာ ဘာစီလိုနာရဲ့နာမည်ကျော်အကယ်ဒမီ လာမာစီယာရဲ့ ထုတ်ကုန်တစ်ဦးဖြစ်ပြီး ဘာစီလိုနာအတွက် ၃၇ ပွဲကစားပေးခဲ့ကာ ၂၀၂၃ ခုနှစ်မှာတော့ ပေါ်တိုသို့ အငှားနဲ့ပြောင်းရွှေ့ခဲ့ပါတယ်။ အဓိကကွင်းလယ်လူ ရိုဒရီကာလရှည်ဒဏ်ရာရနေတာကြောင့် ရုန်းကန်နေရတဲ့မန်စီးတီးအတွက် ဂွန်ဇာလက်ဇ်ဟာ ပြီးပြည့်စုံတဲ့အစားထိုးမှုဖြစ်လာမလား စောင့်ကြည့်ဖို့တော့လိုအပ်နေပါသေးတယ်။ 

ဆက်လက်ပြီး ကစားသမားက “ကျွန်တော် ကလေးဘဝကတည်းက လာမာစီယာမှာနေထိုင်ခဲ့ပါတယ်။ မန်စီးတီးကစားတဲ့ ကစားပုံအတိုင်းပဲ ဟိုမှာလည်းကစားခဲ့ရပါတယ်။ ပေါ်တူဂီမှာနေတုန်းကလည်း ကစားပုံတိုးတက်ဖို့ အမြဲတမ်းကြိုးစားနေခဲ့ပါတယ်။ မန်စီးတီးပရိသတ်တွေအနေနဲ့ ခံစစ်မှာရော တိုက်စစ်မှာရောကစားနိုင်တဲ့ကျွန်တော့်ကို မြင်တွေ့ကြရမှာပါ” လို့ပြောကြားခဲ့ပါတယ်။ 

ဂွန်ဇာလက်ဇ်ဟာ ဒီရာသီမှာ ပေါ်တိုအတွက် ၂၉ ပွဲကစားပြီး ၇ ဂိုးအထိသွင်းယူပေးနိုင်ခဲ့ပါတယ်။ ဆက်လက်ပြီး စပိန်သားက “ကျွန်တော့်ကစားသမားဘဝတစ်လျှောက် အကောင်းဆုံးရာသီကို ပေါ်တိုမှာကစားခဲ့ပါတယ်။ အဲဒီမှာကျန်ခဲ့တဲ့လူတွေကို နှုတ်ဆက်ဖို့ မလွယ်ကူပါဘူး။ ဒါပေမယ့် မန်စီးတီးကိုလာဖို့ဆုံးဖြတ်ချက်ချရတာတော့ လွယ်ကူခဲ့ပါတယ်။ ကျွန်တော့်ရဲ့ခြေစွမ်းကို အများကြီးတိုးတက်အောင် ကြိုးစားထားခဲ့လို့ ပရီးမီးယားလိဂ်မှာ ခြေစွမ်းပြနိုင်မယ်လို့ ယုံကြည်ပါတယ်” လို့ထပ်လောင်းပြောကြားခဲ့ပါတယ်။