အက်စတွန်ဗီလာနဲ့ပွဲမှာ ဂိုးမသွင်းနိုင်ခဲ့တာက စိုးရိမ်စရာမဟုတ်ဘူးလို့ဆိုလိုက်တဲ့ ဂွါဒီယိုလာ
တနင်္ဂနွေနေ့ညကယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ မန်ချက်စတာစီးတီးဟာ အက်စတွန်ဗီလာကို ၁-၀ နဲ့အရေးနိမ့်ပြီးနောက် နည်းပြပက်ဂွါဒီယိုလာက အသင်းမှာအပြုသဘောဆောင်တဲ့အချက်တွေအများကြီးရှိခဲ့တာကြောင့် ဂိုးမသွင်းနိုင်ခဲ့ခြင်းက စိုးရိမ်စရာမဟုတ်ကြောင်း ပြောကြားလာခဲ့ပါတယ်။
ယခုပွဲစဉ်ကြောင့် မန်စီးတီးဟာ ဩဂုတ်လနောက်ပိုင်း ပထမဆုံးအကြိမ် ရှုံးနိမ့်မှုနဲ့ကြုံတွေ့ခဲ့ရသလို၊ တော့တင်ဟမ်ကို ၀-၂ နဲ့အရေးနိမ့်ခဲ့တဲ့ပွဲစဉ်နောက်ပိုင်း ပထမဆုံးအကြိမ် သွင်းဂိုးမရရှိခဲ့တာလည်းဖြစ်ပါတယ်။ ယခုနှစ်ရာသီမှာ မန်စီးတီးဟာ ပြိုင်ပွဲစုံ ၁၃ ပွဲကစားပြီးချိန်မှာ ၂၃ ဂိုးအထိသွင်းယူထားနိုင်ပြီး အဆိုပါ ၂၃ ဂိုးထဲမှာ တိုက်စစ်မှူး အာလင်းဟာလန်းတစ်ဦးတည်းက ၁၅ ဂိုးအထိသွင်းယူပေးထားတာဖြစ်ပါတယ်။
သို့သော်လည်း အက်စတွန်ဗီလာနဲ့ပွဲစဉ်မှာတော့ မန်စီးတီးအနေနဲ့ အခွင့်အရေးတွေရရှိခဲ့ပေမယ့် ဂိုးသွင်းယူနိုင်ခဲ့ခြင်းမရှိဘဲ ၁-၀ ဆိုတဲ့ရလဒ်နဲ့ အဝေးကွင်းမှာအရေးနိမ့်ခဲ့တာဖြစ်ပါတယ်။ ပွဲအပြီးမှာ ဂွါဒီယိုလာက "ကျွန်တော်တို့ ဒီရာသီမှာ ဂိုးတွေအများကြီးသွင်းထားပါတယ်။ ဒီနေ့မှာတော့ အက်စတွန်ဗီလာက ခံစစ် ၅ ယောက်အထိပိတ်ကစားခဲ့ပြီး ကျွန်တော်တို့ကို ကောင်းကောင်းခုခံနိုင်ခဲ့ပါတယ်"
"ကျွန်တော်တို့ဘက်က ဆာဗင်ဟိုနဲ့ ဂျရယ်မီဒိုကူတို့ ဖြတ်တင်ဘောတွေ ပေးပို့နိုင်ခဲ့ကြပါတယ်။ ဖီးလ်ဖိုဒန်နဲ့ တီဂျာနီရိုင်ဒါစ်တို့ကလည်း ပြိုင်ဘက်နောက်တန်းကို ထိုးဖောက်နိုင်ခဲ့ကြပါတယ်။ ကျွန်တော်တို့ သွင်းဂိုးတွေရရှိဖို့နီးစပ်ခဲ့ပြီး သူတို့ကို ကောင်းကောင်းဖိအားပေးနိုင်ခဲ့ပါတယ်။ အက်စတွန်ဗီလာကလည်း မော်ဂန်ရော်ဂျာစ်၊ ကာမာရာနဲ့ မက်ဂင်းတို့လိုကစားသမားတွေကိုပိုင်ဆိုင်ထားပြီး ပြီးခဲ့တဲ့ရာသီကဆို ချန်ပီယံလိဂ်မှာပါယှဉ်ပြိုင်နိုင်ခဲ့တဲ့ အသင်းကောင်းတစ်သင်းပါ။ ဒီပွဲမှာလည်း သူတို့အရမ်းကောင်းခဲ့ကြပါတယ်" လို့ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး စပိန်သားနည်းပြက "ဒီပွဲမှာ ကျွန်တော်တို့ပြန်မလာနိုင်ခဲ့ပါဘူး။ ဒါပေမယ့် ဒုတိယပိုင်းအသင်းရဲ့ကစားပုံက အရမ်းကောင်းခဲ့ပါတယ်။ သူတို့နောက်တန်းကလည်း ဒီနေ့မှာအမှားသိပ်မလုပ်ခဲ့တာကြောင့် ကျွန်တော်တို့ဂိုးမသွင်းနိုင်ခဲ့တာပါ။ ဒါမျိုးက ဖြစ်တတ်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။ ယခုပွဲစဉ်မှာ ဟာလန်းဟာ အသင်းဖော်မာမွတ်ရှ်ပေးပို့မှု ကို အဆုံးသတ်နိုင်ဖို့ကြိုးစားခဲ့ရာမှာ ဂိုးတိုင်နဲ့ဝင်တိုက်မိပြီး ဒဏ်ရာရရှိခဲ့ပါတယ်။ နော်ဝေးလက်ရွေးစင်ဟာ ဒဏ်ရာရရှိခဲ့ပေမယ့် ပွဲကိုတော့အဆုံးထိဆက်ကစားခဲ့တာကြောင့် ယခုအခါမှာ ဒဏ်ရာအခြေအနေကိုမေးမြန်းခဲ့ရာ ဂွါဒီယိုလာက "ကျွန်တော်သူနဲ့စကားမပြောရသေးပါဘူး။ သူအဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်" လို့ဖြေကြားခဲ့ပါတယ်။