The network connection is lost.

Banner Image

ယူနိုက်တက်ကို အာမိုရင်က မယုံကြည်နိုင်လောက်အောင် ပြောင်းလဲပေးနိုင်ခဲ့တယ်လို့ ဂစ်ဝှိုက်ချီးကျူး

နော်တင်ဟမ်ဖောရက်စ်ကွင်းလယ်လူ မော်ဂန်ဂစ်ဝှိုက်က လာမယ့်စနေနေ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ထိပ်တိုက်တွေ့ဆုံသွားမယ့် မန်ချက်စတာယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်ကို ချီးကျူးပြောဆိုမှုတွေပြုလုပ်လာခဲ့ပြီး ပေါ်တူဂီသားဟာ ယူနိုက်တက်ကို မယုံကြည်နိုင်လောက်အောင်ပြောင်းလဲပေးနိုင်ခဲ့တယ်လို့ ပြောကြားလာခဲ့ပါတယ်။ 

ယူနိုက်တက်ဟာ ယခုနှစ်ရာသီပထမဆုံး ပရီးမီးယားလိဂ်ပွဲစဉ် ၆ ပွဲမှာ နိုင်ပွဲ ၂ ပွဲသာရရှိခဲ့ပြီး ဝေဖန်မှုတွေနဲ့ကြုံတွေ့ခဲ့ရပေမယ့် ယခုအခါမှာတော့ ဆန်းဒါးလန်း၊ လီဗာပူးနဲ့ ဘရိုက်တန်တို့ကို ၃ ပွဲဆက်တိုက်အနိုင်ယူပြီး အမှတ်ပေးဇယား ထိပ်ပိုင်းကိုတက်လှမ်းလာနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် အခုလို ယူနိုက်တက်ရဲ့အခြေအနေကို ပြောင်းလဲမှုတွေပြုလုပ်ပေးနိုင်ခဲ့တဲ့ အာမိုရင်ကို ဂစ်ဝှိုက်က ချီးကျူးလာခဲ့တာဖြစ်ပါတယ်။ 

အင်္ဂလန်သားက "လွန်ခဲ့တဲ့နှစ်တွေမှာ ယူနိုက်တက်က အမြဲတမ်းရုန်းကန်နေရတဲ့အသင်းဖြစ်ခဲ့ပေမယ့် အခုချိန်မှာတော့ တည်ငြိမ်နေတဲ့စွမ်းဆောင်ရည်တွေနဲ့ ရလဒ်တွေပြန်ရလာတော့ မယုံနိုင်စရာပါပဲ။ ဒါပေမယ့် သူတို့ဒီရာသီအစပိုင်းမှာလည်း နည်းပြအာမိုရင်နဲ့ပတ်သက်ပြီး ဝေဖန်မှုတွေကြုံတွေ့ခဲ့ရပါသေးတယ်။ အခုတော့ မန်ချက်စတာယူနိုက်တက်လိုအသင်းက ဘောလုံးကိုဘယ်လိုကစားတဲ့အသင်းလဲဆိုတာ ပြသနေပြီလို့ပြောရပါမယ်"

"သူတို့က ဒီလိုပုံစံနဲ့ဘောလုံးကစားဖို့ အစကတည်းက တဖြည်းဖြည်းပြင်ဆင်လာခဲ့ပုံပါပဲ။ ဒါကိုမြင်တွေ့ရတာ အရမ်းကောင်းပါတယ်။ ပရီးမီးယားလိဂ်မှာပျောက်ဆုံးနေခဲ့တဲ့အရာတစ်ခုကို ပြန်ရှာတွေ့လိုက်သလိုပါပဲ" လို့ပြောကြားခဲ့ပါတယ်။ 

ယူနိုက်တက်အနေနဲ့ နော်တင်ဟမ်ဖောရက်စ်ကိုအနိုင်ရခဲ့မယ်ဆိုပါက ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလနောက်ပိုင်း ပထမဆုံးအကြိမ်ပရီးမီးယားလိဂ် ၄ ပွဲဆက်နိုင်ပွဲကို ပြန်လည်ဖော်ဆောင်နိုင်မှာဖြစ်ပါတယ်။ သို့သော်လည်း နည်းပြသစ်ရှောင်ဒိုက်ရဲ့ဦးဆောင်မှုအောက်မှာ ဖိအားတွေကိုလျှော့ချဖို့ကြိုးစားနေတဲ့ ဖောရက်စ်က အာမိုရင်ရဲ့အသင်းအတွက် လွယ်ကူတဲ့ပြိုင်ဘက်တော့ဖြစ်လာဖို့မရှိပါဘူး။ 

ဆက်လက်ပြီး ဂစ်ဝှိုက်က ယူနိုက်တက်က တိုးတက်မှုတွေရှိနေပေမယ့် ဖောရက်စ်ကတော့ နိုင်ပွဲရဖို့အတွက် အာရုံစိုက်သွားမယ့်အကြောင်းပြောကြားလာခဲ့ပါတယ်။ ကွင်းလယ်ကြယ်ပွင့်က "ကျွန်တော်တို့ ယူနိုက်တက်ဘာတွေလုပ်နေသလဲဆိုတာ အာရုံစိုက်နေလို့မရပါဘူး။ သူတို့အခုချိန်မှာ ဘယ်လောက်ပဲ ခြေစွမ်းကောင်းကောင်း ကျွန်တော်တို့အာရုံစိုက်ဖို့လိုတာ နော်တင်ဟမ်ဖောရက်စ်ဆီမှာပါပဲ"

"ကျွန်တော်တို့ ဒီပွဲမတိုင်ခင် နားရက်ကောင်းကောင်းရထားပါတယ်။ နည်းပြကလည်း ကျွန်တော်တို့ကို အကြံဉာဏ်ကောင်းတွေအမြဲတမ်းပေးနေပြီး တိုးတက်အောင်ကူညီနေပါတယ်။ ဒါကြောင့် ယူနိုက်တက်ကိုအနိုင်ရဖို့အစွမ်းကုန်ကြိုးစားသွားမှာပါ" လို့ပြောကြားခဲ့ပါတယ်။