The network connection is lost.

Banner Image

ချန်ပီယံလိဂ်အောင်ပွဲအပြီး သူ့ရဲ့အနာဂတ်နဲ့ပတ်သက်လို့ ထုတ်ဖော်ပြောဆိုလိုက်တဲ့ ဒွန်နာရမ်မာ

လတ်တလောချန်ပီယံလိဂ်ဗိုလ်လုပွဲအောင်မြင်မှုအပြီး ဒွန်နာရမ်မာက သူ့ရဲ့အနာဂတ်ကို ပီအက်စ်ဂျီအသင်းမှာ မြှုပ်နှံသွားနိုင်ရေးအပေါ် ယတိပြတ်အဖြေပေးဖို့ ငြင်းဆန်ခဲ့ပါတယ်။ပြင်သစ်ကလပ်အသင်းက မြူးနစ်မြို့မှာ အင်တာမီလန်ကို အံ့အားသင့်ဖွယ် ၅-၀ ဂိုးဖြင့် အနိုင်ယူပြီး ကာလရှည်စောင့်ဆိုင်းခဲ့ရတဲ့ ဥရောပချန်ပီယံသရဖူကို အမိအရဆွတ်ခူးနိုင်ခဲ့ပါတယ်။

ဒီခရီးလမ်းတလျှောက် ဒွန်နာရမ်မာက အရေးပါတဲ့အခန်းကဏ္ဍတစ်ခုအဖြစ် ပါဝင်ခဲ့ပြီး အာဆင်နယ်နဲ့ရင်ဆိုင်ရတဲ့ နှစ်ကျော့လုံးမှာ ပွဲစဉ်ရဲ့အကောင်းဆုံးကစားသမားဆိုတဲ့ စွမ်းဆောင်ရည်မျိုးကို ပြသခဲ့ပါတယ်။ အင်တာမီလန်နဲ့ရင်ဆိုင်ရချိန်မှာတော့ အီတလီလက်ရွေးစင်ဂိုးသမားကိုယ်တိုင် ခက်ခက်ခဲခဲရုန်းကန်ခဲ့ရပေမယ့် အသင်းဖော်တွေရဲ့ကြိုးစားအားထုတ်မှုနဲ့အတူ အသင်းလိုက်ဟန်ချက်အကောင်းဆုံးထိန်းညှိကာ ရှေ့ဆက်နိုင်ခဲ့ပါတယ်။

ဒါပေမယ့် စာချုပ်သက်တမ်းနောက်ဆုံး ၁၂ လတာကာလဆီ ဝင်ရောက်လာမှုနဲ့အတူ ဒွန်နာရမ်မာရဲ့အနာဂတ်က မရေရာမှုတွေနဲ့ ပြည့်နှက်လာခဲ့ပါတယ်။ စာချုပ်သစ်ချုပ်ဆိုမှာလားဆိုတဲ့မေးခွန်းကို အေစီမီလန်နံပါတ်-၁ဂိုးသမားဟောင်းက “ ကျွန်တော်လည်း မသိပါဘူး။ စောင့်ကြည့်သွားကြတာပေါ့ဗျာ။ အခုတော့ ကျွန်တော်တို့မှာ ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ဖို့ အလွန်အရေးကြီးတဲ့ပွဲစဉ်နှစ်ခု ရှိနေပါပြီ။ ဒါကြောင့် ကျွန်တော်တို့တွေ ဒီပွဲစဉ်တွေအပေါ် အာရုံစိုက်ပြီး အဆင်သင့်ဖြစ်နေရပါလိမ့်မယ်။ အထူးသဖြင့် နော်ဝေမှာကစားရမယ့်ပွဲစဉ်ပေါ့။ အဲ့ဒီပွဲစဉ်က တကယ်ကိုရှုပ်ထွေးလာနိုင်ပါတယ်”လို့ တုံ့ပြန်ခဲ့ပါတယ်။

ဆက်လက်ပြီး ဒွန်နာရမ်မာက ပီအက်စ်ဂျီနည်းပြလူးဝစ်အင်းနရစ်ဦးဆောင်ကျင်းပမယ့် အောင်ပွဲတစ်ခုဆီ အာရုံစိုက်သွားပါလိမ့်မယ်။ အခုဆိုရင် စပိန်သားနည်းပြက ဥရောပဘောလုံးသမိုင်းတလျှောက် မတူညီတဲ့ကလပ်အသင်းနှစ်ခုဖြင့် ဆုဖလားသုံးလုံးအောင်မြင်မှုကို ရယူနိုင်တဲ့ ဒုတိယမြောက်နည်းပြ ဖြစ်လာခဲ့ပါပြီ။ ဒွန်နာရမ်မာက “အရေးကြီးပွဲစဉ်အတွက်ပြင်ဆင်နေချိန်မျိုးမှာ လေ့ကျင့်ရေးကွင်းမှာရှိလေလေ၊ ဖိအားတွေပိုများလေလေ ဖြစ်လာတတ်လို့ နည်းပြက ကျွန်တော်တို့အတွက် အေးအေးဆေးဆေးသက်သောင့်သက်သာ နေအိမ်မှာ မိသားစုနဲ့နေဖို့ အချိန်ပေးပါတယ်။

ဒါက သူ့ရဲ့ဒဿနဖြစ်ပြီး အလုပ်ဖြစ်ခဲ့ပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ဒါကို သဘောတူပါတယ်။ ချန်ပီယံလိဂ်ဗိုလ်လုပွဲဖြစ်နေတာတောင် ကျွန်တော်တို့မှာ တည်ငြိမ်မှုအပြည့်၊ ယုံကြည်မှုအပြည့် ရှိနေခဲ့ပါတယ်။ အီတာလျံတွေက အခုလိုအရေးကြီးတဲ့အချိန်မျိုးမှာ ဘယ်လောက်အထိ အာရုံစိုက်တက်သလဲဆိုတာ ကျွန်တော်သိပါတယ်။ ဒီလိုအခြေအနေမျိုးအတွက် သူတို့တွေချမှတ်မယ့် ဆုံးဖြတ်ချက်ပမာဏကိုလည်း ကျွန်တော်သိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ကလည်း ပြီးပြည့်စုံတဲ့နည်းလမ်းမျိုးနဲ့ ပြင်ဆင်ထားခဲ့ပါတယ်။ ဒါလည်း တကယ်အထောက်အကူဖြစ်ခဲ့တယ်လို့ ထင်ပါတယ်”လို့ ပြောပါတယ်။

ပီအက်စ်ဂျီရဲ့ဘောလုံးရာသီကို အပြောင်းအလဲဖြစ်စေခဲ့တဲ့အခိုက်အတန့်အကြောင်း မေးမြန်းလာချိန် သူက “ အခက်အခဲတွေနဲ့အတူ ကျခဲ့ရတဲ့ မျက်ရည်တွေ နေရာတိုင်းမှာ ရှိပါတယ်။ မန်စီးတီးကို အိမ်ကွင်းမှာ ဝ-၂ ဂိုးနဲ့ ရှုံးနိမ့်နေချိန်ဆိုရင် ကျွန်တော်တို့အတွက် ချန်ပီယံလိဂ်ပြိုင်ပွဲမှထွက်ခွာရလုနီးပါး ခက်ခဲတဲ့ဘောလုံးရာသီတစ်ခု ဖြစ်ခဲ့ပါတယ်။ ဒါကို ကျွန်တော်တို့ တုံ့ပြန်ခဲ့ရပါတယ်။ အဲ့ဒီအချိန်မှစပြီး ကျွန်တော်တို့ရဲ့တုံ့ပြန်တိုက်ခိုက်မှုတွေ စတင်ခဲ့ပါတယ်။ အခုတော့ သာမန်ထက်ထူးခြားတဲ့ဘောလုံးရာသီတစ်ခုဖြစ်လာလို့ အခိုက်အတန့်တိုင်းမှာ ပျော်ရွှင်နေရပါလိမ့်မယ်”လို့ ဖြေကြားခဲ့ပါတယ်။