တန်ဟက်အား ထုတ်ပယ်နိုင်ချေနဲ့ပတ်သက်ပြီး ယူနိုက်တက်ပိုင်ရှင်တွေထံ သတိပေးလိုက်တဲ့ ဂယ်ရီနဗီးလ်
လက်ရှိမှာတော့ ယူနိုက်တက်ပိုင်ရှင်တွေဟာ ကလပ်ရဲ့ ကံကြမ္မာအလှည့်အပြောင်းအတွက် နယ်သာလန်သားနည်းပြကို ထုတ်ပယ်မလား ဒါမှမဟုတ် အချိန်ပေးပြီး ဆက်ထားမလားဆိုတဲ့အပေါ် ဆုံးဖြတ်နေတာဖြစ်ပါတယ်။
စနေနေ့မှာ ကစားမယ့် အက်ဖ်အေဖလား ဖိုင်နယ်ပွဲအတွက် ပြင်ဆင်နေချိန်မှာ တန်ဟက်အတွက် မည်သည့်ရလဒ်ထွက်သည်ဖြစ်စေ ထုတ်ပယ်ခံရမယ်လို့ ကောလာဟလတွေ ထွက်နေတာဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ချန်ပီယံမန်စီးတီးကို ၂-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ခြင်းကြောင့် တန်ဟက်ဟာ သူ့ရဲ့အလုပ်မှာ ဆက်ရှိနေနိုင်တယ်လို့ နဗီးလ်က ယုံကြည်နေပါတယ်။
လက်ရှိရာသီမှာ အသင်းရဲ့သမိုင်းတစ်လျှောက် အဆင့်နိမ့်ဆုံးသို့ ရောက်ခဲ့ပြီး အင်းဆွစ်တောင်းနည်းပြ မက်ကန်နာ၊ ချဲလ်ဆီးနည်းပြဟောင်း ပိုချက်တီနိုနှင့် Free Agent ဖြစ်နေတဲ့ ဒီဇာဘီတို့ကနှင့် ယူနိုက်တက်က ချိတ်ဆက်မှုတွေ ရှိနေတာဖြစ်ပါတယ်။
Sky Bet ကပြုလုပ်တဲ့ The Overlap တွင် နဗီးလ်က "စနေနေ့တုန်းက ကျွန်တော်ဟာ ဝင်ဘာလေသို့ သွားရောက် ရင်မဆိုင်နိုင်ခဲ့ပါဘူး။ ယူနိုက်တက်အနေနဲ့ မန်စီးတီးကို ရပ်တန့်နိုင်ဖို့ ကျွန်တော့်အနေနဲ့ ယုံကြည်ချက် အနည်းငယ်သာရှိခဲ့တာပါ"
"သာယာတဲ့ နေ့တစ်နေ့ဖြစ်ခဲ့ပါတယ်။ ဆိုးရွားတဲ့ရာသီတစ်ခုပြီးနောက် ကောင်းမွန်တဲ့ စွမ်းဆောင်ရည်ဖြစ်ခဲ့ပြီး တန်ဟက်အတွက် အရာရာကိုပြောင်းလဲသွားနိုင်မှာပါ" "တန်ဟက်ရဲ့ အက်ဖ်အေဖလား ရရှိမှုအပေါ် သံသယမရှိပါဘူး။ ပရီးမီးယားလိဂ်မှာ ရလဒ်ပိုင်းဆိုးရွားတာကတော့ လက်ခံနိုင်စရာမရှိပါဘူး" "ပုံစံကောင်းရရှိဖို့ သူဟာ တည်ငြိမ်တဲ့ကစားသမားစုဖွဲ့မှုမရှိဘူးလို့ တန်ဟက် ပြောနိုင်ပါတယ်။ အထူးသဖြင့် အသင်းရဲ့နောက်တန်းမှာပါ။ ပွဲစဉ်တော်တော်များများကို မထိန်းချုပ်နိုင်ခဲ့တာက သတိပေးနေသလိုပါ" "ဒါပေမဲ့ ၂ နှစ်အတွင်းမှာ ဆုဖလား ၂ လုံးရယူနိုင်ခဲ့ပါတယ်။ ဒါဟာ အသင်းနဲ့အတူ ဆုဖလားရယူနိုင်တယ်ဆိုတာ သူက သက်သေပြလိုက်တာပါ။ ဆာအဲလက်စ်ဖာဂူဆန် နောက်ပိုင်း အောင်မြင်မှုအရှိဆုံး နည်းပြဖြစ်တဲ့ မော်ရင်ဟိုကို သူကလိုက်မီသွားပြီဖြစ်ပါတယ်" "ဆက်သွားဖို့အတွက် သူ့မှာအခွင့်အရေးရှိတယ်လို့ ကျွန်တော်ထင်ပါတယ်။ နည်းပြတစ်ဦးကို ထုတ်ပယ်တော့မယ်ဆိုရင် မှန်ကန်ပြီး ကောင်းမွန်တဲ့ အစားထိုးမှုမျိုးကို လုပ်ရမှာဖြစ်ပါတယ်"
"အသင်းကို ချက်ချင်းတိုးတက်လာအောင်လုပ်ဆောင်ရန် သူ့နေရာကိုအစားထိုးဖို့ ပိုကောင်းတဲ့ နည်းပြမရှိပါဘူး" "လီဗာပူးက ၂၀၁၅ ခုနှစ်က လုပ်ခဲ့သလို ကလောပ်လိုနည်းပြမျိုးကို ခန့်အပ်ဖို့အခွင့်အရေးရရှိခဲ့မယ်ဆိုရင် ဒါမှမဟုတ် ၂၀၁၆ ခုနှစ်မှာ မန်စီးတီးကလုပ်ခဲ့သလို ဂွါဒီယာလိုနည်းပြမျိုး ခန့်အပ်နိုင်မယ်ဆိုရင် ပြောင်းလဲနိုင်ပါတယ်" "ယူနိုက်တက်ကို နောက်တစ်ဆင့်သို့ချက်ချင်းရောက်အောင် လုပ်နိုင်တဲ့ နည်းပြမျိုးမရှိပါဘူး။ ဂွါဒီယိုလာကိုင်တွယ်မယ်ဆိုရင်တောင် သူတို့အနေနဲ့ ပိုကောင်းအောင်သာလုပ်နိုင်မှာဖြစ်ပြီး ယူနိုက်တက်အနေနဲ့ ပရီးမီးယားလိဂ်ဖလားကို ရနိုင်မှာ မဟုတ်ပါဘူး" လို့ ပြောပါတယ်။
ယူနိုက်တက်ဟာ ဆိုးရွားတဲ့ရာသီမှာ မန်စီးတီးကို အံ့ဩဖွယ်အနိုင်ရရှိကာ အက်ဖ်အေဖလားကို ရရှိခဲ့ပြီး ယူရိုပါလိဂ်ဝင်ခွင့်ရရှိခဲ့ပါတယ်။ အသင်းအနေနဲ့ သူ့ကိုအလိုမရှိတော့ဘူးဆိုရင် အခြားအသင်းကိုသွားပြီး ဆုဖလားတွေရယူမှာပါလို့ အက်ဖ်အေဖလားပွဲအပြီးမှာ နည်းပြတန်ဟက်က ပြောကြားခဲ့ပါတယ်။
အိုးထရက်ဖို့ဒ်ရှိအနာဂတ်နဲ့ပတ်သက်ပြီး မေးမြန်းရာမှာ တန်ဟက်က "နောက်ရာသီနည်းပြအဖြစ် ဆက်ရှိနေအုံးမလားဆိုတာ ကျွန်တော်မသိပါဘူး" "ကျွန်တော်လုပ်နိုင်တာကတော့ အသင်းအတွက် ပြင်ဆင်ပြီး တိုးတက်အောင်လုပ်တာပါပဲ။ ဒါဟာ ကျွန်တော့်အတွက် ပရောဂျက်ဖြစ်ပါတယ်။ ကျွန်တော် ရောက်လာတုန်းက ရှုပ်နေတယ်လို့ ပြောလို့ရပါတယ်။ အခုတော့ ပိုကောင်းလာပါတယ်။ ကျွန်တော်တို့ရောက်ချင်တဲ့နေရာကိုတော့ မရောက်ရှိသေးပါဘူး" လို့ ဖြေပါတယ်။
ဝင်ဘာလေတွင် အနိုင်ရရှိခဲ့ပြီးနောက် တန်ဟက်ကိုအသင်းမှာ ဆက်ထိန်းထားပြီး ယူနိုက်တက်ရဲ့ဝါရင့်နောက်ခံလူ အီဗန်က ထောက်ခံပြောကြားလိုက်ပါတယ်။ "ယုံကြည်မှုနှင့် အားထားရတဲ့ အရာမျိုးကို ပြသတဲ့နည်းပြမျိုးကို လိုချင်တယ်ဆိုရင် ကျွန်တော်ကတော့ သူ့အကြောင်းပဲ ပြောချင်ပါတယ်။ ပြီးခဲ့တဲ့လတုန်းက သူက မယုံကြည်နိုင်လောက်တဲ့ နည်းစနစ်တွေပြသခဲ့ပါတယ်" "အထိုင်ချပြီး တန်ပြန်တိုက်စစ်နဲ့ကစားတာက သူ့ရဲ့စတိုင်မဟုတ်သော်လည်း သင့်လျော်တဲ့အချိန်မှာ လုပ်ဖို့အတွက် သူကအသိအမှတ်ပြုခဲ့ပြီး လုပ်ခဲ့ပါတယ်" လို့ အီဗန်က ပြောပါတယ်။