
အာဆင်နယ်ရဲ့စမ်းသပ်မှုတွေကို မှတ်ချက်ပြုခဲ့ပြီး ယူနိုက်တက်ကို သတိပေးလိုက်တဲ့ ဂယ်ရီနဗီးလ်
အခုသီတင်းပတ်ကုန်ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် အမ်းမရိတ်စ်ကွင်းမှာ အာဆင်နယ်နဲ့ မန်ချက်စတာယူနိုက်တက်တို့ ထိပ်တိုက်ရင်ဆိုင်ရဖို့ ရှိနေချိန်မှာပဲ ဂယ်ရီနဗီးလ်က အာဆင်နယ်ရဲ့ ကစားပုံစမ်းသပ်မှုတွေဟာ အလုပ်မဖြစ်ဘူးလို့ ဝေဖန်ခဲ့သလို ယူနိုက်တက်အနေဖြင့်လည်း လာမယ့်အဝေးကွင်းပွဲစဉ်အတွက် အသင်းကစားပုံကို မဖြစ်မနေမြှင့်တင်ဖို့ လိုအပ်တယ်လို့ သုံးသပ်လိုက်ပါတယ်။
ပြီးခဲ့တဲ့စနေနေ့၊ အိမ်ကွင်းမှာ တစ်ယောက်လျော့ဖူလ်ဟမ်ကို နှစ်ဂိုးစီသရေသာ ကစားနိုင်ခဲ့တဲ့ အာဆင်နယ်က အခုသီတင်းပတ်ကုန်၊ အိမ်ကွင်းမှာပဲ တန်ဟက်ရဲ့မန်ချက်စတာယူနိုက်တက်ကို ဆက်လက်ဧည့်ခံကစားသွားရပါမယ်။ အလားတူ ယူနိုက်တက်ကလည်း ပြီးခဲ့တဲ့စနေနေ့၊ နော်တင်ဟမ်ဖောရက်စ်နဲ့ ယှဉ်ပြိုင်ခဲ့ရာ ပွဲအစ ၄ မိနစ်မှာပဲ ဦးဆောင်ဂိုး ၂ ဂိုးခွင့်ပြုခဲ့ရပေမယ့် ချေပဂိုးတွေနဲ့အနိုင်ဂိုးလိုက်သွင်းပြီး ၃-၂ ဆိုတဲ့ရလဒ်ဖြင့် အနိုင်ရရှိခဲ့ပါတယ်။ ဒါပေမယ့် ဒီပွဲစဉ်ရဲ့ခြေစွမ်းပိုင်းအရအရ ယူနိုက်တက်ရဲ့ကစားပုံကို မြှင့်တင်ရန်လိုအပ်နေကာ အထူးသဖြင့် ကွင်းလယ်ပိုင်းကို အင်အားဖြည့်တင်းဖို့လိုအပ်နေတယ်လို့ ဂယ်ရီနဗီးလ်က ယုံကြည်နေပါတယ်။
အာဆင်နယ်နဲ့ ယူနိုက်တက်တို့ ထိပ်တိုက်တွေ့ဆုံမှုမှာ ဘယ်လိုပြင်ဆင်လာမလဲလို့ မေးမြန်းလာမှုကို ဂယ်ရီနဗီးလ်က "သူတို့က မတူညီတဲ့အဆင့်တွေမှာရှိနေပါတယ်။ အာဆင်နယ်ကိုတော့ နွေရာသီမှာသုံးစွဲခဲ့တဲ့ စရိတ်တွေအရ လိဂ်ကိုစိန်ခေါ်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ကိုင်ဟားဗက်ဇ်အနေနဲ့ ဖိအားတွေအများကြီးကြုံတွေ့နေရပေမယ့် အသင်းမှာနေရာဆက်ပေးဖို့ အခွင့်အရေးရသင့်ပါတယ်။ ကျွန်တော့်အမြင်မှာတော့ အာဆင်နယ်ဟာ ကစားကွက်စမ်းသပ်မှုအသစ်တွေ ပြုလုပ်နေတယ်လို့ထင်ပါတယ်။ နောက်တန်းကလူတွေက ကွင်းလယ်မှာကစားနိုင်တယ်လို့ထင်နေကြပြီး ကွင်းလယ်ကလူတွေကတော့ နောက်တန်းမှာကစားနိုင်တယ်လို့ ထင်နေကြပါတယ်" လို့ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး "သောမတ်စ်ပါတေးက ကွင်းလယ်တစ်ဝက် ခံစစ်တစ်ဝက်ဆော့နေပါတယ်။ တစ်ခါတစ်ရံမှာတော့ အာတီတာအနေနဲ့ အခြေခံအချက်တွေအတိုင်းသွားဖို့ လိုပါတယ်။ လာမယ့်သီတင်းပတ်မှာတော့ အာတီတာအနေနဲ့ ဒီစမ်းသပ်မှုကို ရပ်တန့်ပြီး ကျစ်လစ်မာကျောတဲ့နောက်တန်း ၄ ယောက်အတွဲကို အသုံးပြုမယ်လို့ မျှော်လင့်ပါတယ်။ ပါတေးကို ဒီကလန်ရိုက်စ်၊ အိုဒီဂတ်တို့နဲ့အတူ ကွင်းလယ်နေရာမှာ ပြန်လည်အသုံးပြုပြီး အသင်းတစ်သင်းဖြစ်သင့်တဲ့ပုံစံနဲ့ ဆင်တူအောင် ပြုပြင်ရပါမယ်။ အသင်းတစ်သင်းမှာ ဟန်ချက်ညီဖို့က အရမ်းအရေးကြီးပါတယ်။ ဆန်းသစ်တီထွင်မှုက ကောင်းတယ်ဆိုပေမယ့် တစ်ခါတလေမှာ စိတ်ကူးကောင်းနဲ့စတင်ခဲ့တဲ့အရာတွေက အလုပ်မဖြစ်တာမျိုးတွေလည်း ရှိနိုင်ပါတယ်"လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။
နောက်ဆုံးအနေဖြင့် ဂယ်ရီနဗီးလ်က "အာဆင်နယ်ရဲ့ လက်ရှိကစားပုံက ဟန်ချက်မညီပါဘူး။ ကျွန်တော်ကတော့ သူတို့ကို ၄-၃-၃ ပုံစံရဲ့အခြေခံအချက်တွေအတိုင်း ပြန်သွားရမယ်လို့ထင်ပါတယ်။ ယူနိုက်တက်ဟာ တန်ပြန်တိုက်စစ်ကောင်းမွန်တာကြောင့် ဒီအချက်က သူတို့အတွက် ကြီးမားတဲ့စမ်းသပ်မှုတစ်ခုဖြစ်လာပါလိမ့်မယ်။ ဒီရာသီမှာ ယူနိုက်တက်ရဲ့စွမ်းဆောင်ရည်က ပုံမှန်အောက်ရောက်နေပါတယ်။ အမ်းမရိတ်စ်မှာ ဒီလို ပုံမှန်အောက်ရောက်နေတဲ့ ပုံစံနဲ့သွားကန်ရင် သေချာပေါက်ရှုံးပွဲကြုံတွေ့ရမှာပါ။ ယူနိုက်တက်က အသင်းရဲ့ ကစားပုံမြှင့်တင်ဖို့လိုအပ်သလို အာဆင်နယ်ကလည်း ကစားသမားတွေကို နေရာတကျထားနိုင်ဖို့လိုအပ်ပါတယ်"လို့ ပြောကြားခဲ့ပါတယ်။