ဝုဗ်ကိုသရေကျပြီးနောက် အာမိုရင်ရဲ့ နည်းဗျူဟာတွေကို ဂယ်ရီနဗီးလ် ဝေဖန်
ဗုဒ္ဓဟူးနေ့နံနက်ကယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အမှတ်ပေးဇယားအောက်ဆုံးက ဝုဗ်ကို အိမ်ကွင်းအိုးလ်ထရက်ဖို့ဒ်မှာ ၁-၁ နဲ့သရေကျခဲ့ပြီးနောက် မန်ချက်စတာယူနိုက်တက်ကစားသမားဟောင်း ဂယ်ရီနဗီးလ်က နည်းပြရူဘင်အာမိုရင်ရဲ့နည်းစနစ်တွေကို ဝေဖန်ပြောဆိုမှုတွေပြုလုပ်လာခဲ့ပါတယ်။
ဝုဗ်ဟာ ယခုနှစ်ရာသီ ပရီးမီးယားလိဂ် ၁၈ ပွဲကစားပြီးချိန်မှာ ရမှတ် ၂ မှတ်သာရရှိထားပြီး အမှတ်ပေးဇယားကြမ်းပြင်မှာ ကပ်နေရတဲ့အသင်းဖြစ်ပေမယ့် ယူနိုက်တက်ကတော့ အိမ်ကွင်းအထိခေါ်ယူပြီး သရေတစ်မှတ်ကို ခွဲဝေပေးခဲ့တာဖြစ်ပါတယ်။ ယခုလအစောပိုင်းက ဝုဗ်ရဲ့ကွင်းမှာသွားရောက်ရင်ဆိုင်စဉ်က ယူနိုက်တက်အနေနဲ့ ၁-၄ ဆိုတဲ့အနိုင်ရလဒ်ကို ပြတ်ပြတ်သားသားပုံဖော်နိုင်ခဲ့ပေမယ့် ဒီတစ်ခေါက်မှာတော့ သရေနဲ့သာကျေနပ်ခဲ့ရပါတယ်။
ပွဲအပြီးမှာတော့ ဂယ်ရီနဗီးလ်က "ယူနိုက်တက်က နောက်ပြန်ကြီးသွားနေတဲ့အသင်းပါ။ သူတို့ဘာလို့ ဒီလောက်တောင်ပြောင်းလဲသွားလဲ ကျွန်တော်လည်းမပြောတတ်တော့ပါဘူး။ဒီပွဲမှာဆို ဝုဗ်ကတောင် ပိုကောင်းတဲ့အသင်းဖြစ်ခဲ့တာပါ"
"ဒါက မှန်ကန်တဲ့ပုံစံမဟုတ်ပါဘူး။ ကျွန်တော်ပြီးခဲ့တဲ့ ၅ ပတ် ၆ ပတ်လောက်အတွင်း ယူနိုက်တက်ရဲ့ပွဲတွေကို တောက်လျှောက်ကြည့်ထားခဲ့လို့ ဘယ်ဟာက ပုံစံအမှန်၊ ဘယ်ဟာက ပုံစံအမှားလဲဆိုတာ ကောင်းကောင်းသိပါတယ်။ ပြီးခဲ့တဲ့ပွဲစဉ်တစ်ချို့မှာ သူတို့ ပိုကောင်းလာသလိုရှိပေမယ့် အခုတော့ ဒုံရင်းက ဒုံရင်းပါပဲ" လို့ပြောကြားခဲ့ပါတယ်။
အသင်းအတွက်ဦးဆောင်ဂိုးသွင်းယူပေးခဲ့တဲ့တိုက်စစ်မှူး ဂျိုရှူးဝါးဇက်ခ်ဇီကို ပထမပိုင်းအပြီးမှာ အာမိုရင်အနေနဲ့ ဘာကြောင့်လူစားလဲခဲ့သလဲဆိုတာ သူကိုယ်တိုင်လည်းနားမလည်ကြောင်းကို နဗီးလ်က "ဇက်ခ်ဇီနဲ့ပတ်သက်ပြီး ဘာတွေဖြစ်သွားလဲ ကျွန်တာ်လည်းမသိပါဘူး။ တကယ်လို့ သူဒဏ်ရာရတာမဟုတ်ဘူးဆိုရင် အဲဒါက ကြောင်တောင်တောင်လူစားလဲမှုပါပဲ"
"ဒီသရေပွဲက ရူဘင်အာမိုရင်အတွက် နာကျင်စရာဖြစ်နေပါလိမ့်မယ်။ သတင်းစာရှင်းလင်းပွဲမှာလည်း သူ့ကိုဖိအားပေးမယ့်မေးခွန်းတွေ ကောင်းကောင်းဖြေရပါလိမ့်မယ်" လို့ပြောကြားခဲ့ပါတယ်။