The network connection is lost.
မန်စီးတီးနဲ့အတူ ပွဲဦးထွက်ရာသီမှာ စွမ်းဆောင်ရည်ကောင်းတွေပြသနိုင်ခဲ့ပေမယ့်လည်း ဒီရာသီမှာ စွမ်းဆောင်ရည်ကျဆင်းနေတာကြောင့် ဟာလန်းတစ်ယောက် ဝေဖန်မှုတွေနဲ့ရင်ဆိုင်နေရပါတယ်။
ဂါးလက်စ်က ဟာလန်းရဲ့လက်ရှိစွမ်းဆောင်ရည်ဟာ ပြီးခဲ့တဲ့ရာသီကိုမမီဘူးလို့ ခံစားနေရပါတယ်။ “တူညီတဲ့ဟာလန်းလို့ ကျွန်တော်မထင်ပါဘူး။ သူပွဲအတွင်းကစားတာ ပြေးလွှားတာနဲ့ စိတ်အားထက်သန်မှုတွေက ပြီးခဲ့တဲ့နှစ်ကနဲ့ မတူတော့ပါဘူး။ ပြီးခဲ့တဲ့ရာသီတုန်းက သူကဘောလုံးတိုင်းကိုပြေးလွှားပြီး တိုက်ခိုက်ရယူတာပါ။ ပြိုင်ဘက်နောက်ခံလူတွေကိုလည်း အားသွန်ခွန်စိုက်ဖိအားပေးခဲ့ပါတယ်။ အဲ့အချိန်တုန်းက ပြိုင်ဘက်နောက်တန်းတွေ သူ့ကိုအမြဲသတိထားနေရတာပါ။ ဒဏ်ရာကနေပြန်လာပြီးနောက် သူ့အခြေအနေကပြောင်းလဲသွားပါတယ်။ ဖြစ်နိုင်တာက တစ်ခုခုကြောင့် ဟာလန်းက ပြီးခဲ့တဲ့ရာသီတုန်းကနဲ့မတူတော့တာပါ။ ပြီးခဲ့တဲ့ရာသီတုန်းက နှိုင်းယှဉ်မယ်ဆိုရင် သူ့ရဲ့ပွဲဦးထွက်ရာသီလည်းဖြစ်သလို ရုပ်ပိုင်းဆိုင်ရာအရလည်း လုံးဝခြားနားပါတယ်။ သူက တိုက်ပွဲဝင်နေသလို ဘောလုံးကိုလည်း အမြဲကိုင်ထားပါတယ်”လို့ ဂါးလက်စ်က ပြောကြားခဲ့ပါတယ်။
ဟာလန်းဟာ ပြီးခဲ့တဲ့ရာသီစီးတီး ဖလား ၃ လုံးချန်ပီယံဖြစ်တုန်းက ၅၃ ပွဲမှာ ၅၂ ဂိုးအထိ သွင်းယူထားပေးနိုင်ခဲ့တာဖြစ်ပါတယ်။ ဒီရာသီမှာတော့ ခြေစွမ်းအနည်းငယ်ကျဆင်းလာခဲ့ပြီး လီဗာပူးကို ၁-၁ သရေကျခဲ့တဲ့ပွဲမှာလည်း ရုန်းကန်ခဲ့ရပါတယ်။
“ပြီးခဲ့တဲ့ရာသီတုန်းက သူက သားရဲတစ်ကောင်လိုပါပဲ။ နောက်တန်း ကစားသမားတွေက သူ့ကိုထိတ်လန့်နေရတာပါ။ စက္ကန့်ပိုင်းတောင် အခွင့်အရေးပေးလို့မရပါဘူး။ ဒါပေမယ့် လီဗာပူးနဲ့ပွဲမှာတုန်းက တိုက်ရိုက်ဘောလုံး ၂ ကြိမ် ဗန်ဒိုက်နဲ့ယှဉ်လုရာမှာ ၂ ကြိမ်စလုံးသူအရေးနိမ့်ခဲ့ပါတယ်။ မည်သို့ပင်ဆိုစေကာမူ သူကြိုးစားနေဆဲပါ။ ဒဏ်ရာကြောင့်အနည်းငယ်နားခဲ့ရပေမယ့် ပြန်လာပြီးနောက်ပိုင်း သူစီးတီးအတွက် ပွဲတိုင်းပါဝင်ကစားပေးထားပါတယ်။ တောင်ပံမှာကစားချိန်ဆိုရင် ခွန်အားကျဆင်းတတ်တာက သာမန်ပါပဲ။ သူ့အနေနဲ့ အချိန်တော့ယူရဦးမှာပါ”လို့ ဂါးလက်စ်က ထပ်လောင်းပြောကြားခဲ့ပါတယ်။
လီဗာပူးအသင်းကို သရေကျခဲ့ပေမယ့် ဟာလန်းဟာ ပြိုင်ပွဲစုံနောက်ဆုံး ၄ ပွဲမှာ ၇ ဂိုး အထိ သွင်းယူထားနိုင်ခဲ့သလို လူတန်တောင်းကို ၆-၂ နဲ့ အနိုင်ရတုန်းက တစ်ဦးတည်း ၅ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ပါတယ်။ လာမယ့်စနေနေ့မှာ ကန်မယ့် နယူးကာဆယ်နဲ့ အက်ဖ်အေဖလား ကွာတားဖိုင်နယ်ပွဲမှာလည်း စံချိန်ဆက်တင်နိုင်ဖို့ သူက မျှော်လင့်နေပါတယ်။