The network connection is lost.

Banner Image

လစ်လပ်သွားတဲ့ အာနိုးလ်ရဲ့နေရာကိုဖြည့်ပေးဖို့ အဆင့်သင့်ရှိနေကြောင်း လီဗာပူးနောက်ခံလူသစ် ဖရင်ပေါင်ပြော

လီဗာပူးဟာ အသင်းရဲ့အားထားရတဲ့နောက်ခံလူ ထရန့်အလက်ဇန်းဒါးအာနိုးလ် ရီးရဲလ်မက်ဒရစ်သို့ထွက်ခွာသွားတာကြောင့် အစားထိုးအနေနဲ့ လေဗာကူဆင်ကြယ်ပွင့် ဂျရယ်မီဖရင်ပေါင်ကိုခေါ်ယူခဲ့ပြီး ယခုအခါမှာ ဖရင်ပေါင်က သူ့အနေနဲ့ အာနိုးလ်ရဲ့နေရာကို ဖြည့်ပေးဖို့အဆင်သင့်ရှိနေကြောင်း ပြောကြားလာခဲ့ပါတယ်။ 

ရီးရဲလ်မက်ဒရစ်သို့ အာနိုးလ်ထွက်ခွာသွားပြီး နာရီပိုင်းအကြာမှာပဲ လီဗာပူးဟာ ဖရင်ပေါင်ကိုခေါ်ယူလိုက်ကြောင်း ကြေညာခဲ့ပြီး နယ်သာလန်သားဟာ ယခုနွေရာသီအပြောင်းအရွှေ့ကာလအတွင်း နည်းပြအန်းစလော့ရဲ့ ပထမဆုံးကစားသမားခေါ်ယူမှုဖြစ်လာခဲ့ပါတယ်။ 

တနင်္ဂနွေနေ့ကပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ Sky Sports သတင်းဌာနသို့ ဖရင်ပေါင်က "လီဗာပူးက အသင်းကြီးတစ်သင်းပါ။ ဒါကြောင့် ကစားသမားကောင်းတွေအများကြီးရှိပါတယ်။ ဆုဖလားတွေရနေတဲ့ အကြောင်းပြချက်တွေလည်းရှိနေပါတယ်။ လီဗာပူးလိုအသင်းမှာကစားဖို့ဆိုရင် အရင်လူကစားသွားတဲ့နေရာကို အကောင်းဆုံးဖြည့်ပေးနိုင်မှရပါမယ်"

"ကျွန်တော်ကတော့ လစ်လပ်နေတဲ့နေရာကို ဖြည့်ပေးနိုင်မယ်လို့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်ပါတယ်။ ကျွန်တော်ကလည်း ချန်ပီယံတစ်ယောက်ပါ။ ဒါကြောင့်ပဲ လီဗာပူးကခေါ်ခဲ့တာပါ" လို့ပြောကြားခဲ့ပါတယ်။  အသက်-၂၄ နှစ်အရွယ်ကစားသမားဟာ လေဗာကူဆင်သို့ ၂၀၂၁ ခုနှစ်မှာစတင်ရောက်ရှိလာခဲ့ပြီး ဘွန်ဒက်စ်လီဂါဖလားကိုဆွတ်ခူးခဲ့တဲ့ ၂၀၂၃-၂၄ ရာသီမှာ အသင်းအတွက် ၃၄ ပွဲအထိပါဝင်ကစားပေးခဲ့ပါတယ်။ 

ဆက်လက်ပြီး နယ်သာလန်သားက "ပရီးမီးယားလိဂ်က ကမ္ဘာ့အကောင်းဆုံးလိဂ်ပါ။ ကျွန်တော်ငယ်ငယ်က မန်ချက်စတာမှာနေခဲ့ပါတယ်။ ဒါကြောင့် ဒီနိုင်ငံကို အမြဲတမ်းပြန်လာချင်နေခဲ့တာပါ။ အခုတော့ အစီအစဉ်တကျဖြစ်လာပါပြီ။ ကျွန်တော့်အနေနဲ့ လေဗာကူဆင်နဲ့ချန်ပီယံဖြစ်ခဲ့ဖူးလို့ ချန်ပီယံတစ်ယောက်ရဲ့အရသာကို သိထားပါတယ်"

"အခုလည်း ချန်ပီယံအသင်းနဲ့လက်တွဲသွားရမှာဖြစ်ပြီး လီဗာပူးလိုအသင်းအတွက်ကစားရမှာက ရူးချင်စရာပါပဲ။ မန်နေဂျာကတော့ ကျွန်တော့်အနေနဲ့အသင်းကို ဘယ်လိုဘယ်ပုံကူညီနိုင်မယ်ဆိုတာ ပြောပြထားပါတယ်။ ဒါကြောင့်ပဲ ကျွန်တော်စိတ်အားထက်သန်မှုတွေနဲ့ ယုံကြည်မှုတွေပိုတိုးနေပါတယ်" လို့ထပ်လောင်းပြောကြားခဲ့ပါတယ်။