The network connection is lost.

Banner Image

ဗယ်လီကာနိုကို အနိုင်ယူပြီးနောက် ဘာစီလိုနာအသင်းဖော်တွေဆီ သတိပေးစကားပြောခဲ့တဲ့  ဒီဂျောင်

အမှတ်ပေးဇယားထိပ်ဆုံးနေရာဆီ ပြန်လည်တက်လှမ်းနိုင်ခဲ့တာ ကောင်းမွန်ပေမယ့် ချန်ပီယံပြေးလမ်းမှာ ပန်းဝင်ဖို့အတွက် အဝေးကြီးလိုပါသေးတယ်လို့ ဖရန်ကီဒီဂျောင်က ပြောခဲ့ပါတယ်။ ဗယ်လီကာနိုကို အနိုင်ရရှိခဲ့တဲ့ ဘာစီလိုနာက ရီးရဲလ်မက်ဒရစ်ကို ရမှတ်တူ၊ ဂိုးကွာခြားချက်အသာဖြင့် ကျော်ဖြတ်ကာ လာလီဂါအမှတ်ပေးဇယားထိပ်ဆုံးနေရာဆီ ရောက်ရှိလာခဲ့ပါတယ်။

ဒီဂျောင်ကတော့ လက်ရှိအခြေအနေအတွက် ပီတီဖြစ်နေပေမယ့် အောင်ပွဲခံဖို့ အချိန်မတန်သေးသလို ဆက်လက်တိုးတက်လာအောင်လုပ်သွားဖို့ အသင်းဖော်တွေဆီ တောင်းဆိုခဲ့ပါတယ်။ သတင်းထောက်တွေနဲ့တွေ့ဆုံချိန် ဒီဂျောင်က “ နိုင်ပွဲအတွက် ပျော်ရွှင်မိသလို အမှတ်ပေးဇယားဦးဆောင်သူ ဖြစ်လာရတာလည်း ကောင်းပါတယ်။ ဒါပေမယ့် ကျွန်တော်တို့တွေ ဒီနေရာမှာ ရာသီကုန်အထိဆက်ရှိနေဖို့ လိုအပ်ပါတယ်။ကျွန်တော်တို့အားလုံး စည်းလုံးညီညွှတ်နေပါတယ်။ အောင်ပွဲခံဖို့ ဘာအကြောင်းမှမရှိပေမယ့် ထိပ်ဆုံးနေရာမှာ ကိုယ့်ကိုယ်ကိုယ်ပြန်မြင်တွေ့ရတာ ကောင်းပါတယ်။

ဗယ်လီကာနိုက အသင်းကောင်းတစ်ခုဖြစ်ပြီး ဖိအားပေးပုံလည်းအရမ်းကောင်းပါတယ်။ သာမန်အချိန်တွေထက် ဘောလုံးထုတ်ပေးဖို့ ကျွန်တော်တို့မှာ အခက်တွေ့နေခဲ့ပြီး ဒါကပဲ သူတို့ရဲ့လက်နက်ဖြစ်ပါတယ်။  ကျွန်တော်တို့ရဲ့ အကောင်းဆုံးပွဲစဉ်မဟုတ်ပေမယ့်  ရာသီကုန်မှာ တစ်ခုခုရရှိဖို့အတွက် ဒီလိုပွဲစဉ်တွေကို အနိုင်ရရှိဖို့ လိုအပ်ပါတယ်။ အကောင်းဆုံးကစားနေမယ်ဆိုရင် အခွင့်အလမ်းကောင်းတစ်ခု ရရှိနိုင်မယ့် အခြေအနေတွေနဲ့ အခွင့်အရေးတွေ ရှိလာပါမယ်။ Clean Sheet ပါ ရရှိခဲ့လို့ ကျွန်တော်တို့တွေ ယုံကြည်မှုပိုင်း အားကောင်းလာစေပါတယ်။ အခုအချိန်မှစပြီး ကျွန်တော်တို့ တိုးတက်လာအောင်လုပ်ဖို့နဲ့ ပိုကောင်းအောင်ကစားဖို့ လိုအပ်လာပါပြီ”လို့ ပြောပါတယ်။ ဒတ်ချ်လူမျိုးကစားသမားက တနင်္လာနေ့ပွဲစဉ်မှာ ပွဲထွက်ခွင့်ရရှိပြီးနောက် ဟန်စီဖလစ်ခ်ရဲ့အတွေးမှာ ကာဆာဒိုထက် သူ့ကို ပိုပြီးနေရာပေးသွားဖို့ စဉ်းစားနေပါပြီ။