
ဒေါ့မွန်ကို ရှုံးနိမ့်ပြီးနောက် စိတ်ပျက်နေတဲ့ ဘာစီလိုနာကစားသမားတွေကို ဖျောင်းဖျခဲ့ရကြောင်း ဟန်စီဖလစ်ခ် ဖွင့်ဟလာ
ဘာစီလိုနာနည်းပြ ဟန်စီဖလစ်ခ်က ဒေါ့မွန်ကို ၃-၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် စိတ်ပျက်နေတဲ့ ကစားသမားတွေကို ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့တယ်ဆိုတာ သတိပေး ဖျောင်းဖျခဲ့ရတယ်လို့ ဝန်ခံခဲ့ပါတယ်။ ဂူရာစီရဲ့ ဟက်ထရစ်က ၂၀၂၅ ခုနှစ်အတွင်း ဘာစီလိုနာရဲ့ ၂၄ ပွဲဆက်တိုက် ရှုံးပွဲမရှိတဲ့ စံချိန်ကို အီဒူနာပတ်ခ်မှာ အဆုံးသတ်စေခဲ့ပါတယ်။ ဒါပေမယ့် ဘာစီလိုနာအသင်းဟာ ပထမအကျော့မှာ ၄-၀ ဂိုးနဲ့ အနိုင်ရထားတာကြောင့် နှစ်ကျော့ပေါင်းရလဒ် ၅-၃ ဂိုးနဲ့ ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။ ဒါဟာ ၂၀၁၉ ခုနှစ်နောက်ပိုင်း ဘာစီလိုနာရဲ့ ပထမဆုံး ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်တက်ရောက်မှုဖြစ်ပြီး ဘိုင်ယန်မြူးနစ် ဒါမှမဟုတ် အင်တာမီလန်နဲ့ ရင်ဆိုင်ရမှာပါ။
ဖလစ်ခ်က “ဒီရာသီမှာ အသင်းရဲ့ ခြေစွမ်းတွေကို ဒီမှာရှိတဲ့ လူတိုင်းက အသိအမှတ်ပြုပြီး တန်ဖိုးထားကြတယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒီနေ့က ကျွန်တော်တို့ရဲ့ အကောင်းဆုံးပွဲ မဟုတ်ပါဘူး။ အဲဒီရှုထောင့်ကနေ မေးခွန်းတွေ မေးတာကို ကျွန်တော် နားလည်ပါတယ်၊ ဒါပေမယ့် ကျွန်တော်တို့ ပျော်ရွှင်နိုင်တဲ့ အကြောင်းပြချက်တွေ ရှိနေသေးတယ်လို့ ထင်ပါတယ်” လို့ ပြောခဲ့ပါတယ်။
ဂျာမန်သားက ဒေါ့မွန်ကို ရှုံးနိမ့်ပြီးနောက် အဝတ်လဲခန်းထဲမှာ တိတ်ဆိတ်ငြိမ်သက်နေတဲ့ အခြေအနေကို ဖော်ပြခဲ့ပါတယ်။ “အဝတ်လဲခန်းထဲမှာလည်း သိပ်ကောင်းတဲ့ အခြေအနေ မဟုတ်ပါဘူး။ ‘ကောင်လေးတို့၊ ငါတို့ ဆီမီးဖိုင်နယ်ကို ရောက်နေပြီ’ လို့ ကျွန်တော်ပြောလိုက်မှ အနည်းငယ် ပြန်တက်ကြွလာတာပါ။ ဒါပေမယ့် တကယ်တော့ ကစားသမားတွေက သူတို့ကိုယ်သူတို့ ဒီလိုမျိုး မျှော်လင့်ထားကြတာပါ။ သူတို့ ပွဲတိုင်းကို အနိုင်ရချင်ကြတယ်။ ဒီနေ့တော့ သူတို့ နည်းနည်း စိတ်ပျက်နေကြတယ်၊ ဒါပေမယ့် ဆီမီးဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့တဲ့ ပျော်ရွှင်မှုက လွှမ်းမိုးသွားလိမ့်မယ်လို့ ထင်ပါတယ်” လို့ ဖလစ်ခ်က ဆိုပါတယ်။ ဘာစီလိုနာဟာ အခု လာလီဂါပြိုင်ပွဲဆီ အာရုံစိုက်မှာဖြစ်ပြီး ဆယ်လ်တာဗီဂို၊ မာယော့ကာတို့နဲ့ ဆက်တိုက် ကစားရမှာပါ။