The network connection is lost.

Banner Image

ဘာစီလိုနာနဲ့ အပြောင်းအရွှေ့သတင်းတွေ ထွက်ပေါ်နေတဲ့ ရက်ရှ်ဖို့ဒ်ကို ဟန်စီဖလစ်ခ် ချီးကျူး

ဘာစီလိုနာနည်းပြ ဟန်စီဖလစ်ခ်က မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူး မားကပ်စ်ရက်ရှ်ဖို့ဒ်ကို အရမ်းကောင်းတဲ့ ကစားသမားလို့ ချီးကျူးခဲ့တာကြောင့် ရက်ရှ်ဖို့ဒ်ရဲ့ နွေရာသီမှာ အသင်းပြောင်းရွှေ့ဖို့ရှိနေတဲ့ ကောလာဟလတွေ ပိုမိုပြင်းထန်လာခဲ့ပါတယ်။ လက်ရှိ အက်စတွန်ဗီလာအသင်းမှာ အငှားသွားကစားနေတဲ့ ရက်ရှ်ဖို့ဒ်ဟာ လာလီဂါချန်ပီယံအသင်းဖြစ်တဲ့ ဘာစီလိုနာအသင်းကို ပြောင်းရွှေ့ဖို့ အိပ်မက်မက်နေတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။

ဘာစီလိုနာအသင်းရဲ့ အားကစားဒါရိုက်တာ ဒေကိုကလည်း လက်ရှိ အက်စတွန်ဗီလာအသင်းမှာ ခြေစွမ်းပြနေတဲ့ ရက်ရှ်ဖို့ဒ်ကို စိတ်ဝင်စားတယ်လို့ အတည်ပြုပြောကြားခဲ့ပါတယ်။  ရက်ရှ်ဖို့ဒ်နဲ့ လီဗာပူးကစားသမား လူးဝစ်ဒီယက်ဇ်တို့နဲ့ပတ်သက်ပြီး ဖလစ်ခ်ကို မေးမြန်းခဲ့ရာမှာ "သူတို့နှစ်ယောက်စလုံးက အရမ်းကောင်းတဲ့ ကစားသမားတွေပါ။ ကျွန်တော် သူတို့ကို ကြိုက်တယ်။ နွေရာသီအပြောင်းအရွှေ့မှာ ဘာတွေဆက်ဖြစ်လာမလဲဆိုတာ စောင့်ကြည့်ရပါမယ်" လို့ ဖြေကြားခဲ့ပါတယ်။

ရက်ရှ်ဖို့ဒ်ဟာ ဖေဖော်ဝါရီလအစောပိုင်းက အက်စတွန်ဗီလာအသင်းကို အငှားနဲ့ရောက်ရှိလာပြီးနောက် ခြေစွမ်းကောင်းတွေပြသနိုင်ခဲ့ပါတယ်။ ဧပြီလကုန်ပိုင်းမှာ ခြေသလုံးကြွက်သားဒဏ်ရာရရှိခဲ့တာကြောင့် ရာသီကုန်အထိ အနားယူခဲ့ရပေမဲ့ အသင်းအတွက် ၁၇ ပွဲကစားရာမှာ ၄ ဂိုးသွင်းယူပြီး ၅ ဂိုးဖန်တီးပေးနိုင်ခဲ့ပါတယ်။