The network connection is lost.

Banner Image

ယူနိုက်တက်မှာဆက်ရှိဖို့ ဆွေးနွေးမှုတွေ ပြုလုပ်ထားခြင်းမရှိသေးကြောင်း ဖလက်ချာ အတည်ပြု

မန်ချက်စတာယူနိုက်တက်ကို ယာယီကိုင်တွယ်နေတဲ့ နည်းပြ ဒါရင်းဖလက်ချာက သူဟာ အိုးလ်ထရက်ဖို့ဒ်မှာ နည်းပြုချုပ်အဖြစ် တရားဝင်တာဝန်ထမ်းဆောင်သွားဖို့ ဆွေးနွေးမှုတွေ ပြုလုပ်ထားခြင်းမရှိသေးကြောင်း အတည်ပြုပြောကြားလာခဲ့ပါတယ်။ ပြီးခဲ့တဲ့တနင်္လာနေ့က ယူနိုက်တက်ဟာ ရူဘင်အာမိုရင်ကို ရာထူးမှထုတ်ပယ်ခဲ့ပြီးနောက် ဖလက်ချာကို ယာယီနည်းပြအဖြစ် ခန့်အပ်ခဲ့တာဖြစ်ပြီး စကော့တလန်သားဟာ ကြာသပတေးနေ့က ဘန်လေကို ၂-၂ နဲ့သရေကျခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ပထမဆုံးအကြိမ် နည်းပြအဖြစ်ဆောင်ရွက်ခဲ့ပါတယ်။ 

ဖလက်ချာအနေနဲ့ တနင်္ဂနွေနေ့ ဘရိုက်တန်နဲ့ယှဉ်ပြိုင်သွားရမယ့် အက်ဖ်အေဖလား တတိယအဆင့်ပွဲစဉ်မှာလည်း နည်းပြအဖြစ် ဆက်လက်ဆောင်ရွက်သွားမယ့်အကြောင်း အတည်ပြုထားပေမယ့် ယူနိုက်တက်ဘက်ကတော့ နည်းပြသစ်ကို ဆက်လက်ရှာဖွေနေဆဲဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ ယူနိုက်တက်ကို ရာသီကုန်အထိတာဝန်ယူဖို့ အသင်းရဲ့ကစားသမားဟောင်းတွေဖြစ်တဲ့ အိုလီဂန်နာဆိုးလ်ရှားနဲ့ မိုက်ကယ်ကာရစ်တို့ကလည်း အဆင်သင့်ရှိနေကြတယ်လို့သိရပါတယ်။

ယူနိုက်တက်ကိုရာသီကုန်အထိကိုင်တွယ်ဖို့ ဆွေးနွေးမှုတွေပြုလုပ်ထားခြင်းရှိမရှိမေးမြန်းခဲ့ရာမှာ ဖလက်ချာက "မဆွေးနွေးရသေးပါဘူး။ ကျွန်တော် အိုမာဘရာဒါ၊ ဂျေဆန်ဝယ်လ်ကော့ဇ်တို့နဲ့တော့ စကားပြောဖြစ်ပါတယ်။ လောလောဆယ်မှာတော့ ကလပ်ရဲ့လုပ်ငန်းစဉ်တွေအတိုင်း ဆက်လုပ်နေတာပါ" "ကျွန်တော့်အနေနဲ့ လက်ရှိတာဝန်ယူထားရတဲ့ အခန်းကဏ္ဍကိုပဲ အာရုံစိုက်နေပါတယ်။ အနာဂတ်အတွက် ဘာမှကြိုမတွေးရသေးပါဘူး။ အသင်းကို ဦးဆောင်လမ်းပြနေပေမယ့် အိုမာ၊ ဂျေဆန်တို့ကလွဲလို့ ဘယ်သူနဲ့မှလည်း မဆွေးနွေးရသေးပါဘူး" လို့ပြောကြားခဲ့ပါတယ်။ 

ယူနိုက်တက်ဟာ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၄ ပွဲဆက်တိုက်ရှုံးပွဲမရှိခဲ့ပေမယ့် ၁ ပွဲသာနိုင်ပြီး ၃ ပွဲအထိ သရေကျထားခဲ့တာလည်းဖြစ်ပါတယ်။ လာမယ့် တနင်္ဂနွေနေ့မှာ ယူနိုက်တက်ဟာ အက်ဖ်အေဖလား ပြိုင်ပွဲအဖြစ် ဘရိုက်တန်နဲ့ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး ပြိုင်ပွဲရဲ့ ဒုတိယမြောက်အအောင်မြင်ဆုံးအသင်းနေနဲ့ ဒီတစ်ခေါက်မှာလည်း ရလဒ်ကောင်းတွေဖော်ဆောင်သွားနိုင်မလား စောင့်ကြည့်ရမှာဖြစ်ပါတယ်။ 

၂၀၀၃-၀၄ ဘောလုံးရာသီမှာ ကစားသမားဘဝနဲ့ ယူနိုက်တက်အတွက်ပါဝင်ကစားရင်း အက်ဖ်အေဖလားကို ဆွတ်ခူးခဲ့ဖူးတဲ့ ဖလက်ချာက "ဒါက အရေးကြီးတဲ့ပြိုင်ပွဲတစ်ခုပါ။ ယူနိုက်တက်ဆိုတာ ဆုဖလားအောင်မြင်မှုတွေအမြဲတမ်းရလေ့ရှိတဲ့အသင်းဖြစ်ပြီး မကြာသေးမီနှစ်တွေကလည်း ဒီပြိုင်ပွဲမှာ အောင်မြင်မှုတွေရခဲ့ပါတယ်။ ဒီနှစ်မှာတော့ အသင်းက ဥရောပဝင်ခွင့်လည်းမရခဲ့သလို၊ လိဂ်ဖလားကနေလည်း ထွက်လိုက်ရပြီဆိုတော့ အက်ဖ်အေဖလားကပဲ ကျွန်တော်တို့အစွမ်းကုန်ကြိုးစားရယူရမယ့် ဖလားဖြစ်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။ 

အာမိုရင်လက်အောက်မှာ ပုံမှန်ကစားခွင့်ပျောက်ဆုံးပြီးနောက် အသင်းမှထွက်ခွာမယ်လို့ သတင်းကြီးနေတဲ့ ကွင်းလယ်ကြယ်ပွင့် ကိုဘီမိုင်နူးနဲ့ပတ်သက်ပြီးတော့လည်း ဖလက်ချာက "သူ အခြေအနေကောင်းပါတယ်။ မိုင်နူးက စကားအများကြီးသိပ်ပြောတတ်တဲ့သူမဟုတ်တော့ အသင်းမှာ ပျော်နေလား မပျော်နေဘူးလားဆိုတာ သိရဖို့ခက်ပါတယ်။ ဒါပေမယ့် သူ့အကြောင်းကို ကျွန်တော်ကောင်းကောင်းသိပါတယ်။ အသင်းနဲ့အဆင်ပြေနေသလို၊ လေ့ကျင့်ရေးလုပ်ငန်းတွေလည်း ပုံမှန်လုပ်နေပါတယ်" လို့ပြောကြားခဲ့ပါတယ်။