
၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကာလမှာ ဘောလုံးကွင်းအရည်အသွေး ပိုကောင်းလာစေရမယ်လို့ ကတိပြုလိုက်တဲ့ အာစင်ဝင်းဂါး
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)ရဲ့ ကမ္ဘာ့လုံးဆိုင်ရာဘောလုံးအားကစားတိုးတက်ရေးအကြီးအကဲ အာစင်ဝင်းဂါးက အမေရိကန်နိုင်ငံမှာ လက်ခံကျင်းပနေတဲ့ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ဘောလုံးကွင်းအရည်အသွေးပိုင်းကို လုံလောက်ကောင်းမွန်တဲ့အဆင့်အတန်းမျိုးမှာမရှိသေးဘူးလို့ ဝန်ခံပေမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပူးတွဲအိမ်ရှင်ဖြစ်လာချိန်မှာတော့ ကွင်းအရည်အသွေးပိုင်း ပိုမိုကောင်းမွန်လာလိမ့်မယ်လို့ အခိုင်အမာပြောကြားခဲ့ပါတယ်။
Cooling Brake နဲ့ ပထမပိုင်းပွဲချိန်အပြီး ကာလတွေမှာ မကြာခဏဆိုသလို ဘောလုံးကွင်းမျက်နှာပြင်ကို ရေဖြန်းပေးနေရခြင်းကြောင့် ဥရောပအခြေစိုက်ကလပ်အသင်းနည်းပြတွေ၊ ကစားသမားတွေရဲ့ ဝေဖန်သံတွေ ကျယ်ကျယ်ပြန်ပြန့်ထွက်ပေါ်လာနေပါတယ်။ယမန်နေ့(စနေနေ့)မှာ အာဆင်နယ်နည်းပြဟောင်းအာစင်ဝင်းဂါးက “ အော်လန်ဒိုမှာရှိတဲ့ ဘောလုံးကွင်းဆီ ကျွန်တော် ကိုယ်တိုင်ကိုယ်ကျ ရောက်ရှိခဲ့ပါတယ်။ ပြီးပြည့်စုံမှုမရှိတဲ့အခြေအနေကြောင့် ဥရောပအခြေစိုက်ကလပ်အသင်းတွေ အသုံးပြုနေကျအဆင့်အတန်းမျိုးမှာ မရှိနေခဲ့ပါဘူး။ ဒါပေမဲ့ လာမယ့်နှစ်ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ဒီဘောလုံးကွင်းတွေကို ပြင်ဆင်ပေးသွားပါလိမ့်မယ်”လို့ ပြောပါတယ်။
ပီအက်စ်ဂျီနည်းပြလူးဝစ်အင်းနရစ်ကတော့ အသွင်သစ်ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့အစောပိုင်းကာလမှာပဲ ဒီပြဿနာကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ အက်သလက်တီကိုမက်ဒရစ်ကို ၄-၀ ဂိုးဖြင့် အနိုင်ယူခဲ့တဲ့ အုပ်စုအဖွင့်ပွဲစဉ်အပြီး အင်းနရစ်က “ ဘောလုံးဟာ ယုန်တစ်ကောင်လို ခုန်ပေါက်နေပါတယ်။
ဥပမာအားဖြင့် ဒီနေ့အသုံးပြုသွားတဲ့ကွင်းဆို အတိတ်မှာ မြက်ခင်းတုကွင်း ဖြစ်ခဲ့ဖူးပါတယ်။ အခုတော့ သဘာဝအတိုင်း မြက်ခင်းပြင်ကို ပြန်လည်အသုံးပြုထားပါတယ်။ ဒါကြောင့် ဒီကွင်းကို လူအင်အားသုံးပြီး ရေလောင်းပေးရမယ်လို့ အဓိပ္ပါယ်ရလာပါတယ်။ ဒါက ကျွန်တော်တို့အသင်းကစားပုံအတွက် ပြဿနာကြီးတစ်ရပ် ဖြစ်ပါတယ်။ ဖီဖာအနေနဲ့ ဒီပြဿနာကို အလေးအနက်ကိုင်တွယ်သွားဖို့ လိုအပ်နေပါပြီ။ ဘောလုံးကွင်းတွေတင်မကဘဲ လေ့ကျင့်ရေးကွင်းတွေပါ ပါဝင်ပါတယ်။ ဒါကို ကမ္ဘာ့အကောင်းဆုံးပြိုင်ပွဲတစ်ခုလို့ ခေါ်တွင်မယ်ဆိုရင် ကမ္ဘာ့အဆင့်မီအခြေခံအဆောက်အအုံတွေလည်း ရှိသင့်ပါတယ်”လို့ ပြောပါတယ်။