
၂၀၂၆ ကမ္ဘာ့ဖလားမှာ အပူဒဏ်ကာကွယ်ဖို့အတွက် အမိုးပါတဲ့ကွင်းတွေကို အသုံးပြုသွားမယ်လို့ ဖီဖာဥက္ကဋ္ဌပြောကြား
ဖီဖာဥက္ကဋ္ဌ ဂျီယန်နီအင်ဖန်တီနိုက ၂၀၂၆ ခုနှစ်မှာကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပြင်းထန်တဲ့ ရာသီဥတု၊ အထူးသဖြင့် ပြင်းထန်တဲ့အပူဒဏ်ကို ကာကွယ်နိုင်ဖို့အတွက် အမိုးပါတဲ့ကွင်းတွေကို အသုံးပြုသွားမယ်လို့ ကြေညာခဲ့ပါတယ်။
မန်ဟက်တန်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အင်ဖန်တီနိုက ဒီနှစ်နွေရာသီမှာကျင်းပတဲ့ FIFA Club World Cup ပြိုင်ပွဲအတွင်းမှာ အပူချိန်မြင့်မားမှုကြောင့် ပွဲစဉ်အခြေအနေတွေထိခိုက်ခဲ့ရတဲ့ အခက်အခဲတွေကို ဝန်ခံပြောကြားခဲ့ပါတယ်။
အင်ဖန်တီနိုက "ကျွန်တော်တို့ရရှိတဲ့ ဝေဖန်မှုတိုင်းဟာ ကျွန်တော်တို့အတွက် ဘယ်လိုပိုကောင်းအောင်လုပ်နိုင်မလဲဆိုတာကို လေ့လာသုံးသပ်ဖို့ အခွင့်အလမ်းတစ်ခုပါပဲ။ အပူချိန်က ပြဿနာတစ်ခုဆိုတာအမှန်ပါပဲ။ ကျွန်တော်တို့ ဘာတွေလုပ်နိုင်မလဲဆိုတာကို ကြည့်ပါမယ်၊ ဒါပေမဲ့ ကျွန်တော်တို့မှာ အမိုးပါတဲ့ကွင်းတွေရှိပြီး လာမယ့်နှစ်မှာ နေ့လယ်ပိုင်းမှာ အဲဒီကွင်းတွေကို သုံးသွားမှာပါ" လို့ပြောကြားခဲ့ပါတယ်။
လာမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အမိုးတွေ၊ လေအေးပေးစက်တွေပါဝင်တဲ့ ကွင်းတွေမှာကျင်းပသွားမှာဖြစ်ပြီး အတ္တလန္တာမြို့က Mercedes-Benz Stadium၊ ဒဲလက်စ်မြို့က AT&T Stadium၊ တက္ကဆက်ပြည်နယ်က NRG Stadium နဲ့ ဗန်ကူးဗားမြို့က BC Place တို့ပါဝင်ပါတယ်။
ဒါပေမဲ့ ကနေဒါ၊ မက္ကဆီကိုနဲ့ အမေရိကန်ပြည်ထောင်စုတို့မှာရှိတဲ့ ကွင်း ၁၆ ကွင်းအနက် ၄ ကွင်းမှာသာ အမိုးနဲ့ လေအေးပေးစက်တွေပါဝင်ပါတယ်။
ကမ္ဘာလုံးဆိုင်ရာကစားသမားများအဖွဲ့ချုပ် FIFPRO က ပြိုင်ပွဲအတွင်းမှာ အနည်းဆုံးပွဲ ၃ ပွဲလောက်ကို အပူချိန်ကြောင့် ရွှေ့ဆိုင်း (သို့) ရပ်နားခဲ့ရတယ်လို့ ထောက်ပြခဲ့ပါတယ်။ အင်ဖန်တီနိုက ပြိုင်ပွဲကိုအသင်း ၃၂ သင်းအထိ တိုးချဲ့ခဲ့တာနဲ့ပတ်သက်ပြီး ပွဲစဉ်အရေအတွက်တွေများပြားလာပြီး ဘောလုံးရာသီတွေရှုပ်ထွေးလာတာကိုလည်း ပြောကြားခဲ့ပါတယ်။
တချို့ဝေဖန်မှုတွေရှိခဲ့ပေမဲ့လည်း အင်ဖန်တီနိုက ပြိုင်ပွဲအောင်မြင်မှုအတွက် ချီးကျူးခဲ့ပြီး နောက်လာမယ့်ပွဲတွေအတွက် ခြေစစ်ပွဲစနစ်ကို ပိုမိုကောင်းမွန်အောင် လုပ်ဆောင်လိုတယ်လို့ ပြောကြားခဲ့ပါတယ်။ ကလပ်ကမ္ဘာ့ဖလား ဗိုလ်လုပွဲမှာ ချဲလ်ဆီးအသင်းနဲ့ ပီအက်စ်ဂျီတို့ နယူးဂျာစီပြည်နယ်၊ MetLife Stadium မှာယှဉ်ပြိုင်ကစားသွားမှာ ဖြစ်ပါတယ်။