
The network connection is lost.

မန်ချက်စတာယူနိုက်တက်ဂန္တဝင်ရီယိုဖာဒီနန်က သရဲနီတွေရဲ့ခေါ်ယူမှုသာ ရရှိမယ်ဆိုရင် အာတီတာအနေဖြင့် မြောက်လန်ဒန်အခြေစိုက်ကလပ်အသင်းမှ ထွက်ခွာလာလိမ့်မယ်လို့ စိတ်လှုပ်ရှားမှုအပြည့်ဖြင့် ပြောဆိုလိုက်ပါတယ်။ ပြီးခဲ့တဲ့နှစ်ရာသီအတွင်း အာတီတာက ဂန်းနားတွေနဲ့အတူ အံ့ဖွယ်လုပ်ငန်းစဉ်တစ်ခုကို လုပ်ဆောင်ခဲ့ပြီး လက်ရှိမှာ ပရီးမီးယားလိဂ်ချန်ပီယံသရဖူဆောင်းနိုင်ရေး တိုက်ပွဲဝင်နေပါတယ်။
အခြားတစ်ဖက်မှာတော့ မန်ချက်စတာယူနိုက်တက်က အဲရစ်တန်ဟက်ရဲ့လမ်းညွှန်မှုတွေအောက် နောက်ထပ်စိတ်ပျက်စရာ ဘောလုံးရာသီကို ဖြတ်သန်းနေရပြီး အမှတ်ပေးဇယားထိပ်ပိုင်းမှာ ရှိနေတဲ့အသင်းတွေနဲ့ ရမှတ်ကွာဟမှု ကြီးကြီးမားမားရှိနေပါတယ်။ ရလဒ်အဖြစ် နယ်သာလန်သားနည်းပြရဲ့အနာဂတ် မရေမရာဖြစ်နေပြီး အသင်းပိုင်ရှင်သစ် ဆာဂျင်ရက်ကလစ်ဖ်နဲ့ သူ့ရဲ့ INOES အဖွဲ့ကလည်း တန်ဟတ်ကို ကလပ်အသင်းမှာ ရေရှည်မြင်တွေ့ရနိုင်မယ့်အလားအလာတွေအပေါ် စိုးရိမ်ထိတ်လန့်နေတယ်လို့ ကောလာဟလတွေ ထွက်ပေါ်နေပါတယ်။
ကိုယ်ပိုင် YouTube Channel မှတဆင့် ရီယိုဖာဒီနန်က “မန်ချက်စတာယူနိုက်တက်ဆီ ပြောင်းရွှေ့ဖို့ အာဆင်နယ်မှ အာတီတာထွက်ခွာလာမယ်ဆိုတာ ရာနှုန်းပြည့်သေချာပါတယ်။ ဒါမျိုးဖြစ်နေတယ်လို့ ဘယ်သူကမှ မပြောပါဘူး။ ဒါပေမယ့် မန်ချက်စတာယူနိုက်တက်သာ တန်ဟက်ကို ထုတ်ပယ်ပစ်ခဲ့ရင် (သို့မဟုတ်) ဘိုင်ယန်မြူးနစ်က တန်ဟက်ကို ခေါ်မယ်ဆိုရင် သူထွက်ခွာသွားပါလိမ့်မယ်။ ဒီနောက်မှာတော့ မန်ချက်စတာ
ယူနိုက်တက်က ဦးစားပေးပစ်မှတ်နည်းပြသစ်က အာတီတာဖြစ်တယ်လို့ ကြေညာပါမယ်။ အာတီတာကိုယ်တိုင်လည်း သူ့အသင်းသားတွေကို နှုတ်ဆက်ပြီး အသင်းမှ ထွက်ခွာလာပါလိမ့်မယ်”လို့ ပြောပါတယ်။
သရဲနီတွေက ရဂိုး၊ ပေဂိုး ညီတူမျှတူအနေအထားဖြင့် အမှတ်ပေးဇယားအဆင့်-၆ နေရာမှာ ရပ်တည်နေပါတယ်။ သူတို့တွေက ချန်ပီယံလိဂ်မှာ ဘိုင်ယန်မြူးနစ်၊ ဂါလာတာစာရေး၊ ကိုပင်ဟေဂင်တို့နဲ့ တစ်အုပ်စုတည်း ကျရောက်ခဲ့ပြီး ရှုံးထွက်အဆင့်ဆီ မတက်ရောက်နိုင်ခဲ့ပါဘူး။
တဖက်မှာတော့ အာဆင်နယ်က မန်စီးတီး၊ လီဗာပူးတို့နဲ့အပြိုင် အမှတ်ပေးချန်ပီယံဆုအတွက် တိုက်ပွဲဝင်နေပြီး ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း အုပ်စုအဆင့်လွတ်မြောက်ကာ ရှုံးထွက်အဆင့်ဆီ တက်လှမ်းထားပါတယ်။ ဖာဒီနန်ရဲ့စိတ်လှုပ်ရှားစရာပြောဆိုမှုတွေ ရှိနေပေမယ့် စပိန်သားနည်းပြကတော့ အနည်းဆုံးစာချုပ်သက်တမ်းကုန်ဆုံးချိန် ၂၀၂၅ ခုနှစ်အထိ ဂန်းနားတွေနဲ့ပဲ လက်တွဲနေဖွယ်ရှိပါတယ်။ သူ့ကို ယခင်ကလည်း မန်စီးတီးနဲ့ ဘာစီလိုနာတို့က ချိတ်ဆက်ခဲ့ဖူးပါတယ်။