လီဗာပူးစတား ဒါဝင်နူနက်ဇ်ကို ခေါ်ယူဖို့ အံ့ဩဖွယ်ပြင်ဆင်နေတဲ့ ဖီနာဘာချီ
လီဗာပူးဟာ နူနက်ဇ်ကို ၂၀၂၂ ခုနှစ်တွင် ဘင်ဖီကာမှ ပေါင် ၈၅ သန်းဖြင့် ခေါ်ယူကာ စံချိန်တင်အပြောင်းအရွှေကိုလုပ်ခဲ့သော်လည်း ဥရုဂွေးတိုက်စစ်မှူးဟာ အန်ဖီးလ်တွင် နှစ်ရာသီကြာ ကစားခဲ့ပြီးနောက် ယုံကြည်မှုလုံးဝမရှိသေးတာဖြစ်ပါတယ်။ နူနက်ဇ်ဟာ ၂၀၂၃-၂၄ ရာသီအတွင်း ပရီးမီးယားလိဂ် ၃၆ ပွဲတွင် ၁၁ ဂိုး သွင်းယူခဲ့ခြင်းအပါအဝင် ပြိုင်ပွဲအရပ်ရပ်တွင် ၉၆ ပွဲကစား ၃၃ ဂိုး သွင်းယူထားပါတယ်။
ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်မှာ ၁၀၈ မိနစ်တိုင်း ဂိုးဖန်တီးပေးခဲ့ပေမယ့် လီဗာပူးရဲ့ အမှတ်ပေးဖလားပြိုင်ပွဲကနေ ထွက်ခဲ့ရမှုတွင် နူနက်ဇ်က အခွင့်အရေးတွေကို ဆက်တိုက်လွဲချော်ခဲ့ပါတယ်။ သူ့ရဲ့ မတည်ငြိမ်တဲ့ ကလပ်အသင်းကပုံစံနဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ နူနက်ဇ်ဟာ ဒီနွေရာသီ ကိုပါအမေရိကဖလားမှာ နိုင်ပွဲ ၂ ပွဲအပါအဝင် ဥရုဂွေးအတွက် ၇ ပွဲဆက်တိုက် ဂိုးသွင်းပေးထားပါတယ်။
အသက် ၂၅ နှစ်အရွယ် ကစားသမားဟာ တနင်္လာနေ့ ဥရုဂွေးရဲ့ အုပ်စုအဆင့် နောက်ဆုံးပွဲစဉ်တွင် ၈ ပွဲဆက်တိုက် ဂိုးသွင်းယူနိုင်ခဲ့ပါက ၉၆ နှစ်ကြာတည်ရှိနေတဲ့စံချိန်ကို ချိုးဖျက်နိုင်မှာဖြစ်ပါတယ်။ ဒီလိုပုံစံဟာ လက်ရှိ မော်ရင်ဟိုရဲ့ စီမံကွပ်ကဲမှုအောက်တွင်ရှိနေတဲ့ တူရကီဘီလူးကြီး ဖီနာဘာချီရဲ့ စိတ်ဝင်စားမှုကို ဆွဲဆောင်နိုင်တဲ့ ဂိုးသွင်းပုံစံမျိုးလည်းဖြစ်ပါတယ်။
Ajan Spor ရဲ့ အဆိုအရ ဖီနာဘာချီဟာ ပြီးခဲ့တဲ့ရာသီက Super Lig အမှတ်ပေးဖလားကို ရမှတ် တစ်မှတ်တည်းနဲ့ လွဲချော်ခဲ့ပြီးနောက် တိုက်စစ်မှူးကို ခေါ်ယူလိုနေတာဖြစ်ပါတယ်။ အစ္စတန်ဘူလ်ခြေစိုက်အသင်းဟာ မဟာပြိုင်ဘက် ဂါလတာဆာရေးထံ ဘက်ရှူယာရီကို ဆုံးရှုံးခဲ့ရသော်လည်း နူနက်ဇ်ဟာ ကြီးမားတဲ့ အဆင့်မြှင့်တင်မှုတစ်ခု ဖြစ်လာမှာဖြစ်ပါတယ်။
သတင်းတွေအရ ဖီနာဘာချီဟာ ကစားသမားရဲ့ ကိုယ်စားလှယ်များနှင့် ဆွေးနွေးနေပြီး မော်ရင်ဟိုနှင့် စူပါအေးဂျင့် ဂျော့ချ်မန်ဒက်စ်တို့က ဦးဆောင်ဆွေးနွေးတာဖြစ်ပါတယ်။ စိတ်ဝင်စားစရာကောင်းတာကတော့ နူနက်ဇ်ကို မန်ဒက်စ် ဦးဆောင်နေတဲ့ အေဂျင်စီရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ Gestifute ကိုင်တွယ်နေတာဖြစ်ပါတယ်။
မော်ရင်ဟိုကို နည်းပြအဖြစ် အတည်ပြုပြီးကတည်းက ဖီနာဘာချီဟာ မာကန်ကို ခေါ်ယူခဲ့ပြီး လက်စတာစီးတီးနောက်ခံလူဟောင်း ဆိုယွန်းကူကိုလည်း အက်သလက်တီကိုမက်ဒရစ်အသင်းထံသို့ ယူရို ၈ သန်း (ပေါင် ၆.၈ သန်း) ပေးကာ အငှားခေါ်ယူမှုကနေ အပြီးသတ်စာချုပ် ချုပ်ခဲ့ပါတယ်။ အသက် ၂၅ နှစ်အရွယ်တွင် ပရီးမီးယားလိဂ်လိုနာမည်ကြီးလိဂ်ကနေ ထွက်ခွာဖို့ နူနက်ဇ်ကို ဆွဲဆောင်ဖို့ဆိုတာက ဖီနာဘာချီအတွက် တကယ်ကိုမဖြစ်နိုင်တဲ့အနေအထားမှာ ရှိနေပါတယ်။