
ဆောင်းရာသီဈေးကွက်အတွင်း တိုက်စစ်မှူးသစ်ခေါ်ယူနိုင်ခဲ့ခြင်းမရှိတဲ့ ယူနိုက်တက်
မန်ချက်စတာယူနိုက်တက်ဟာ ယခုနှစ်ရာသီအတွင်း သွင်းဂိုးတွေရရှိဖို့ရုန်းကန်နေရပေမယ့် ဆောင်းရာသီဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်မှာတော့ တိုက်စစ်မှူးသစ်ခေါ်ယူနိုင်ခဲ့ခြင်းမရှိဘဲ ခံစစ်ကိုသာ အင်အားဖြည့်တင်းနိုင်ခဲ့ပါတယ်။ အပြောင်းအရွှေ့ကာလမှာ ယူနိုက်တက်ဟာ တိုက်စစ်ကစားသမားသစ်မခေါ်ယူခဲ့ဘဲ ခံစစ်ပိုင်းကိုသာ အင်အားဖြည့်တင်းခဲ့ပြီး လက်ချီဘယ်နောက်ခံလူ ပက်ထရစ်ဒေါ်ဂူနဲ့ အာဆင်နယ် လူငယ်ဗဟိုခံစစ်မှူး ဟီးဗန်းတို့ကိုသာ ခေါ်ယူခဲ့ကာ စုစုပေါင်းပြောင်းရွှေ့ကြေး ပေါင် ၂၉ သန်းသာအသုံးပြုခဲ့ပါတယ်။
သို့သော်လည်း ယူနိုက်တက်ဟာ အခုလိုလူငယ်ကစားသမားတွေအပေါ် ရင်းနှီးမြှုပ်နှံနိုင်မှုကို ဝမ်းသာကျေနပ်မိကြောင်း ထုတ်ပြန်ထားပြီး အသင်းရဲ့ဘဏ္ဍာငွေကိုလည်း ထိန်းသိမ်းနိုင်မယ်လို့ ယုံကြည်ထားတာဖြစ်ပါတယ်။ အာမိုရင်ရဲ့အသင်းဟာ ဇန်နဝါရီမှာ ငွေကြေးအမြောက်အမြားမသုံးစွဲခဲ့ပေမယ့် လာမယ့်နွေရာသီအပြောင်းအရွှေ့မှာတော့ ကြယ်ပွင့်ကစားသမားသစ်တွေ ခေါ်ယူသွားနိုင်ချေရှိပါတယ်။
ဆောင်းရာသီဈေးကွက်အတွင်း ယူနိုက်တက်ဟာ ချဲလ်ဆီးတိုက်စစ်မှူး ခရစ္စတိုဖာအန်ကွန်ကူနဲ့ ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး မာသီစ်တဲလ်တို့ကို ချိတ်ဆက်မှုတွေပြုလုပ်ခဲ့ပါသေးတယ်။သို့သော်လည်း မာသီစ်တဲလ်ကိုခေါ်ယူဖို့ ယူနိုက်တက်ဟာ အငှားနဲ့သာတတ်နိုင်တာကြောင့် ပေါင် ၅ သန်းအထိပေးချေဖို့ ကမ်းလှမ်းခဲ့ပေမယ့် ဘိုင်ယန်မြူးနစ်ဘက်က ပယ်ချခဲ့တယ်လို့သိရပါတယ်။
အပြောင်းအရွှေ့ဈေးကွက်က အခုချိန်အထိဖွင့်လှစ်ထားဆဲဖြစ်တာကြောင့် ယူနိုက်တက်ဟာ အသင်းရဲ့နောက်ခံလူ တိုင်ယဲလ်မာလာစီယာကို ပီအက်စ်ဗွီသို့အငှားစာချုပ်နဲ့ စေလွှတ်ဖို့ ကြိုးစားနေတယ်လို့သိရပါတယ်။ လာမယ့် စနေနေ့မှာတော့ ယူနိုက်တက်ဟာ အက်ဖ်အေဖလား စတုတ္ထအဆင့်ပွဲစဉ်အဖြစ် ဗန်နစ္စတယ်ရွိုင်းရဲ့လက်စတာနဲ့ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး နိုင်ပွဲပြန်လည်ရရှိအောင် စွမ်းဆောင်သွားနိုင်မလား စောင့်ကြည့်ရပါမယ်။