The network connection is lost.

Banner Image

လီဗာပူးရဲ့အာရှရာသီကြိုခရီးစဉ်မှာ ချီယေဆာမပါဝင်လာတဲ့အကြောင်းရင်း ထွက်ပေါ်လာ

အာရှဒေသရာသီကြိုခရီးစဉ်အတွက် လီဗာပူးအသင်းရဲ့ကစားသမား ၂၉ ဦးစာရင်းမှာ မပါဝင်လာမှုကြောင့် ချီယေဆာရဲ့အန်ဖီးလ်အနာဂတ်က မေးခွန်းထုတ်မှုအသစ်တွေနဲ့ ပြည့်နှက်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့ဘောလုံးရာသီ၊ အန်းစလော့ရဲ့အစီအစဉ်တွေမှာ ပါဝင်နိုင်ဖို့ ရုန်းကန်ခဲ့ရတဲ့ အီတလီလက်ရွေးစင်က အာရှဒေသရာသီကြိုခရီးစဉ်မထွက်ခွာခင် နာရီပိုင်းအလို စတုတ်စီးတီးကို ငါးဂိုးပြတ်အနိုင်ယူခဲ့တဲ့ ခြေစမ်းပွဲစဉ်မှာ ဂိုးသွင်းယူနိုင်ပေမယ့် အသင်းလူစာရင်းအတွက်တော့ ချန်လှပ်ခံခဲ့ရပါတယ်။ 

ချီယေဆာက အန်းစလော့ကိုယ်တိုင်ရွေးချယ်ခဲ့တဲ့ ဟောင်ကောင်၊ ဂျပန်ခရီးစဉ်အတွက် ကစားသမား ၂၉ ဦးစာရင်းမှာ မပါဝင်လာခဲ့ပါဘူး။ အသက်-၂၇ နှစ်အရွယ်ကစားသမားက ပြီးခဲ့တဲ့နွေရာသီကာလ၊ ဂျူဗင်တပ်စ်မှရောက်ရှိလာပြီးနောက် ဒတ်ချ်လူမျိုးနည်းပြလက်အောက် ပုံမှန်ပွဲကစားချိန် မရရှိခဲ့ပါဘူး။တနင်္ဂနွေနေ့၊  တံခါးပိတ်ခြေစမ်းပွဲမှာ စတုတ်စီးတီးကို တစ်ဂိုးသွင်းယူနိုင်ပေမယ့် ချီယေဆာကတော့ အင်္ဂလန်မှာပဲ ကျန်ရစ်ခဲ့ပါတယ်။

The Liverpool Echo ကတော့ ကလပ်အသင်းဆေးဘက်ဆိုင်ရာဝန်ထမ်းတွေရဲ့လတ်တလောအကဲဖြတ်မှုအရ အသေးအမွှားပြဿနာရှိနေတဲ့ ချီယေဆာကိုချန်လှပ်ထားဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ဖော်ပြပါတယ်။ ဒါပေမဲ့ ဒီဆုံးဖြတ်ချက်က အသင်းလူစာရင်းမှာ ချီယေဆာပါဝင်နိုင်ဖို့ မရေမရာဖြစ်နေချိန် ကြိုတင်ကာကွယ်မှုပုံစံအဖြစ် ထွက်ပေါ်လာခဲ့တာပါ။ ကစားသမားကိုယ်တိုင်လည်း တနင်္ဂနွေနေ့ညနေအထိ လေ့ကျင့်ခန်းဆင်းနေခဲ့ပေမယ့် အဆုံးမှာတော့ ခရီးစဉ်အတွက် မပါဝင်လာခဲ့ပါဘူး။

အခုလိုချီယေဆာမပါဝင်နိုင်မှုကြောင့် စီးရီးအေဆီ ကစားသမားပြန်သွားနိုင်တယ်ဆိုတဲ့ ထင်ကြေးပေးမှုတွေ မြင့်တက်လာခဲ့ပြီး နာပိုလီအပါအဝင် အခြားအီတာလျံကလပ်အသင်းတွေဆီမှ အပြောင်းအရွှေ့အတွက် စိတ်ဝင်စားမှုတွေ ပြသထားခဲ့ပါတယ်။ ဂျူဗင်တပ်စ်ကြယ်ပွင့်ဟောင်းကိုယ်တိုင်လည်း အသင်းမှာ ဆက်ရှိနေချင်တယ်လို့ ပြောထားပေမယ့် လီဗာပူးအသင်းကတော့ နွေရာသီကာလရောင်းချမှုတစ်ခုအတွက် ပြင်ဆင်နေတာမျိုး ဖြစ်ကောင်းဖြစ်လာနိုင်ပါတယ်။

လတ်တလောမှာတော့ ချီယေဆာက အက်ဆာလေ့ကျင့်ရေးကွင်းမှာပဲ အပေါ့စားလေ့ကျင့်ရေးအစီအစဉ်တွေကို ဆက်လုပ်သွားရပါလိမ့်မယ်။ တချိန်တည်းမှာပဲ ကလပ်အသင်းတွေရဲ့နွေရာသီအစီအစဉ်တွေ အဆုံးသတ်ဖို့ ပြင်ဆင်လာမှုနဲ့အတူ ဖြစ်နိုင်ခြေရှိတဲ့အပြောင်းအရွှေ့တစ်ခုအတွက် ထင်ကြေးပေးမှုတွေလည်း အရှိန်အဟုန်နဲ့ ထွက်ပေါ်လာနိုင်ပါတယ်။ လီဗာပူးအသင်းဘက်ကတော့ ကစားသမားကို ရာသီကြိုကာလနှောင်းပိုင်းမှာ အသင်းနဲ့ပူးပေါင်းဖို့ ခွင့်ပြုမလား (သို့မဟုတ်) ဈေးကွက်တင်ရောင်းချသွားမလားဆိုတာ အတည်မပြုထားပါဘူး။