The network connection is lost.

Banner Image

ကင်ဆာရောဂါ သက်သာပျောက်ကင်းနေပြီဖြစ်ကြောင်း ပြောကြားလာတဲ့ ဗန်ဟားလ်

မန်ချက်စတာယူနိုက်တက်နဲ့ နယ်သာလန်လက်ရွေးစင်နည်းပြဟောင်း လူးဝစ်ဗန်ဟားလ်က သူဟာ ကုသမှုတွေ ဆက်တိုက်ပြုလုပ်ခဲ့ပြီးနောက်မှာ ကင်ဆာရောဂါ သက်သာပျောက်ကင်းနေပြီဖြစ်ကြောင်း ဖွင့်ဟပြောကြားလာခဲ့ပါတယ်။ 

အသက်-၇၃ နှစ်အရွယ် ဗန်ဟားလ်ဟာ ဥရောပတစ်ဝှမ်းကလပ်အသင်းကြီးတွေကို ကိုင်တွယ်ခဲ့သူဖြစ်ပြီး မကြာသေးမီကမှ ကင်ဆာရောဂါကြောင့် နည်းပြဘဝမှာ ခေတ္တအနားယူနေခဲ့ရသူဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၂ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာ နယ်သာလန်လက်ရွေးစင်ကိုဦးဆောင်ခဲ့ပေမယ့် ဗန်ဟားလ်ဟာ နောက်ကွယ်မှာတော့ ကင်ဆာရောဂါကို ခံစားနေခဲ့ရတာဖြစ်ပါတယ်။ 

အဆိုပါကမ္ဘာ့ဖလားပြိုင်ပွဲမှာ နယ်သာလန်လက်ရွေးစင်အသင်းက ဗန်ဟားလ်ကို အနားယူဖို့တိုက်တွန်းခဲ့ပေမယ့် သူကတော့ဆေးကုသမှုခံယူကာ ပြိုင်ပွဲပြီးဆုံးချိန်အထိ အသင်းကိုကိုင်တွယ်ပေးခဲ့ပါတယ်။ ပြိုင်ပွဲမှ ထွက်ခွာခဲ့ရပြီးနောက်ပိုင်းမှာတော့ နယ်သာလန်သားဟာ ရာထူးကနေအနားယူခဲ့ပါတယ်။  ယခုအခါမှာတော့ ရောဂါအတွက်ကုသမှုတွေပြုလုပ်ခဲ့ပြီးနောက် ပြန်လည်ကောင်းမွန်လာပြီဖြစ်ကြောင်းကို ဗန်ဟားလ်က “ကျွန်တော်အခုတော့ ကင်ဆာရဲ့နှောင့်ယှက်မှုနဲ့ လွတ်ကင်းခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၂ နှစ်အတွင်း ခွဲစိတ်ကုသမှုအချို့တော့ ပြုလုပ်ခဲ့ရပါတယ်။ တော်တော်ဆိုးဆိုးကိုဖြစ်သွားခဲ့တာပါ။ ဒါပေမယ့် ကုသမှုတွေက ထိရောက်ခဲ့လို့ အခုချိန်မှာ တဖြည်းဖြည်းပြန်ကောင်းလာခဲ့ပါပြီ။ ရောဂါကို တစ်လတစ်ခါတော့ စစ်ဆေးနေရတုန်းပါပဲ” လို့ပြောကြားခဲ့ပါတယ်။ 

ဗန်ဟားလ်ဟာ နည်းပြဘဝကို ၁၉၉၀ ခုနှစ်မှာ စတင်ဆောင်ရွက်ခဲ့သူဖြစ်ပြီး ၁၉၉၅ ခုနှစ်မှာ အေဂျက်စ်အတွက် ယူအီးအက်ဖ်အေချန်ပီယံလိဂ်ဖလား ဆွတ်ခူးပေးနိုင်ခဲ့ပါတယ်။နောက်ပိုင်းခုနှစ်တွေမှာတော့ သူဟာ ဘိုင်ယန်မြူးနစ်၊ ဘာစီလိုနာနဲ့ ယူနိုက်တက်တို့လိုအသင်းကြီးတွေကို ကိုင်တွယ်ခဲ့ပြီး ဆုဖလားတွေ အများအပြားဆွတ်ခူးနိုင်ခဲ့ပါတယ်။ 

လောလောဆယ်မှာတော့ ဗန်ဟားလ်ဟာ နည်းပြဘဝမှအနားယူထားပြီး ကလပ်အကြံပေးတစ်ယောက်အနေနဲ့ အေဂျက်စ်ကိုကူညီနေတယ်လို့သိရပါတယ်။ အေဂျက်စ်မှာ နည်းပြဘဝစတင်ခဲ့တဲ့ ဗန်ဟားလ်ဟာ ယခုအချိန်အထိ အသင်းမှာ ဩဇာအာဏာကို ဆက်လက်ထိန်းသိမ်းထားနိုင်ဆဲဖြစ်ပါတယ်။