The network connection is lost.

Banner Image

ကလပ်အသင်းနည်းပြဘဝဆီ ပြန်သွားနိုင်ဖွယ်မရှိဘူးလို့ ထုတ်ပြောလာတဲ့ ရော်နယ်ကိုးမန်း

နယ်သာလန်လက်ရွေးစင်အသင်းနည်းပြရော်နယ်ကိုးမန်းက သူ့ရဲ့ကလပ်အသင်းနည်းပြဘဝဖြတ်သန်းမှု နိဋ္ဌိတံသွားပြီလို့ ယုံကြည်နေပါတယ်။ ဒတ်ချ်ပြည်တွင်းရုပ်မြင်သံကြားဌာနတစ်ခုနဲ့တွေ့ဆုံချိန် နယ်သာလန်လက်ရွေးစင်နည်းပြကိုးမန်းက အနာဂတ်မှာ ကလပ်အသင်းနည်းပြဘဝဆီ ပြန်လာမယ့် ဖြစ်နိုင်ခြေအကြောင်း ဖွင့်ဟသွားခဲ့ပါတယ်။ အခုအချိန်အထိ ဒတ်ချ်လူမျိုးက ကလပ်အသင်းတစ်ခုကိုကိုင်တွယ်ဖို့ တရားဝင်ငြင်းဆန်ခဲ့ခြင်း မရှိသေးပေမယ့် အဲ့ဒီလိုဖြစ်လာဖို့ အခွင့်အလမ်း အလွန်နည်းပါးလွန်းတယ်လို့ အတိအလင်းပြောဆိုခဲ့ပါတယ်။ ဒီအတွက် အကြောင်းအရင်းကို မေးမြန်းရာမှာ ကိုးမန်းက ဒတ်ချ်လက်ရွေးစင်အသင်းနည်းပြဘဝအတွေ့အကြုံကြောင့် သူ့ရဲ့အတွေးအမြင်တွေ ပြောင်းလဲသွားခဲ့ပြီလို့ ရှင်းပြခဲ့ပါတယ်။

ကိုးမန်းက အေဂျက်၊ ဘင်ဖီကာ၊ ပီအက်စ်ဗွီ၊ ဗလန်စီယာ၊ ဆောက်သမ်တန်၊ အဲဗာတန်နဲ့ ဘာစီလိုနာတို့လို ထိပ်တန်းအသင်းများစွာကို တာဝန်ယူခဲ့ဖူးပါတယ်။ အသက်-၆၂ နှစ်အရွယ်နည်းပြနောက်ဆုံးကိုင်တွယ်ခဲ့တဲ့ ကလပ်အသင်းက ဘာစီလိုနာဖြစ်ပြီး အသင်းနဲ့အတူ ၂၀၂၁ ခုနှစ်၊ ကိုပါဒယ်လ်ရေးချန်ပီယံဖြစ်ခဲ့ပေမယ့် အဲ့ဒီနှစ်မှာပဲ ရလဒ်တွေဆိုးရွားခဲ့တဲ့ လာလီဂါရာသီသစ်စတင်မှုနဲ့အတူ ရာထူးမှထုတ်ပယ်ခံခဲ့ရပါတယ်။ နယ်သာလန်လက်ရွေးစင်အသင်းကို ၂၀၁၈ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ တာဝန်ယူခဲ့ဖူးတဲ့ ကိုးမန်းက လူးဝစ်ဗန်ဟားရဲ့ကင်ဆာရောဂါဝေဒနာခံစားရမှုနဲ့အတူ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီး သူ့ရဲ့နေရာဟောင်းဆီ ပြန်လည်ရောက်ရှိလာပါတယ်။

ဒတ်ချ်ပြည်တွင်းရုပ်မြင်သံကြားသတင်းဌာနဖြစ်တဲ့ De Avondetappe နဲ့တွေ့ဆုံချိန် ရော်နယ်ကိုးမန်းက ကလပ်အသင်းများစွာကို စီမံခန့်ခွဲခဲ့တဲ့ သူ့ရဲ့နေ့ရက်တွေ ကျန်ရစ်ခဲ့ပြီလို့ အရိပ်အမြွက်ပြောကြားလိုက်ပါတယ်။ သူက “ အတိအကျတော့ မဟုတ်သေးပေမယ့် ကလပ်အသင်းတစ်ခုခုကို ပြန်ကိုင်တွယ်သွားဖို့အခွင့်အလမ်းက အတော်လေးနည်းပါးလွန်းပါတယ်”လို့ ဆိုပါတယ်။

ဆက်လက်ပြီး ဘာစီလိုနာနည်းပြဟောင်းက နိုင်ငံ့လက်ရွေးစင်အသင်းနည်းပြဘဝကို ပိုမိုနှစ်သက်ပြီး နယ်သာလန်လက်ရွေးစင်အသင်းဝန်းကျင်မှာရှိနေတဲ့ အငွေ့အသက်တွေကို ပိုမိုသဘောကျမိတယ်လို့ ရှင်းပြခဲ့ပါတယ်။ ကိုးမန်းက “ လူတိုင်း အပြုံးပန်းတွေဝေဝေဆာဆာနဲ့ ရောက်ရှိလာကြပါတယ်။ လူတိုင်း အချင်းချင်းပြန်လည်ဆုံတွေ့လိုက်တာနဲ့ ဒတ်ချ်ဘာသာစကားပြောနိုင်ကြလို့ ပျော်ရွှင်ကျေနပ်ကြပါတယ်။ နောက်ပြီး ပွဲထွက်ခွင့်အတွက် ကစားသမားတွေနဲ့ လိုက်ပြီးညှိနှိုင်းစရာမလိုဘဲ ဘောလုံးကိုပဲ အဓိကအာရုံစိုက်ထားနိုင်တယ်လေ”လို့ ပြောပါတယ်။

လက်ရှိမှာ ကိုးမန်းက အမေရိကန်၊ ကနေဒါ၊ မက္ကဆီကိုတို့ အိမ်ရှင်အဖြစ် ပူးတွဲကျင်းပမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲဆီ နယ်သာလန်အသင်းကို ပို့ဆောင်ပေးနိုင်ဖို့ မျှော်လင့်နေပါတယ်။ ကိုးမန်းအတွက်တော့ အခုအချိန်မှာ နိုင်ငံတကာပွဲစဉ်တွေကသာ အဓိကအာရုံစိုက်စရာ ဖြစ်လာပါပြီ။