The network connection is lost.

Banner Image

ဒီပေါ်လ်ကိုခေါ်ယူမယ်ဆိုတဲ့ သတင်းတွေကို မီယာမီနည်းပြ မာရှေယာနို အတည်ပြုခြင်းမရှိ

အင်တာမီယာမီဟာ အက်သလက်တီကိုကွင်းလယ်ကြယ်ပွင့် ရိုဒီရီဂိုဒီပေါလ်ကို ခေါ်ယူမယ်လို့ သတင်းတွေကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေပေမယ့် အသင်းနည်းပြချုပ် ဂျာဗီယာမာရှေယာနိုကတော့ အဆိုပါသတင်းတွေကို အတည်ပြုခြင်းမရှိသေးပါဘူး။ 

အင်တာမီယာမီဟာ ဒီပေါလ်နဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီချက်တွေရရှိထားပြီလို့ ကောလာဟလတွေလည်းထွက်ပေါ်နေပြီး ယခုနွေရာသီမှာပဲ အပြောင်းအရွှေ့ဖြစ်ပေါ်လာနိုင်ချေရှိနေပါတယ်။ သို့သော်လည်း မာရှေယာနိုက "ရိုဒရီဂိုက ဘယ်လိုကစားသမားလဲဆိုတာ လူတိုင်းသိပါတယ်။ ဒါပေမယ့် လောလောဆယ်မှာတော့ သူက ကျွန်တော်တို့အသင်းကမဟုတ်လို့ ဒီအကြောင်းတွေပြောရင် အသင်းရဲ့ကစားသမားတွေကို မလေးစားရာကျပါလိမ့်မယ်" လို့ပြောကြားခဲ့ပါတယ်။ 

တကယ်လို့ ဒီပေါလ်အနေနဲ့ မီယာမီနဲ့ ချိတ်ဆက်ဖို့ သဘောတူညီမယ်ဆိုပါကလည်း မီယာမီအနေနဲ့ မေဂျာလိဂ်ရဲ့စည်းမျဉ်းစည်းကမ်းတွေအရ အာဂျင်တီးနားသားကိုခေါ်ယူဖို့ အခက်အခဲရှိနိုင်ပါတယ်။ လိဂ်ရဲ့စည်းမျဉ်းအရ မီယာမီဟာ လီယွန်နယ်မက်ဆီ၊ ဂျော်ဒီအယ်လ်ဘာနဲ့ လူးဝစ်ဆွာရက်ဇ်တို့လို ဥရောပကြယ်ပွင့် ၃ ဦးကိုခေါ်ယူထားပြီးဖြစ်လို့ နောက်ထပ်ဥရောပကြယ်ပွင့်တစ်ဦးကို အသင်းမှထပ်ပေါင်းထည့်လို့ မရသေးပါဘူး။ 

ဒီပေါလ်အတွက်ပြောင်းရွှေ့ကြေးကို အက်သလက်တီကိုက ပေါင် ၁၇ သန်းအထိသတ်မှတ်ထားပြီး အင်တာမီယာမီအနေနဲ့ အဆိုပါပမာဏနဲ့ခေါ်ယူပါက လိဂ်သမိုင်းတစ်လျှောက် တန်ကြေးအမြင့်ဆုံးပြောင်းရွှေ့မှုအဖြစ် စံချိန်တင်သွားဦးမှာဖြစ်ပါတယ်။ ယခုနွေရာသီအတွင်း မီယာမီဟာ ကယ်ဗင်ဒီဘရိုင်းနဲ့ နေမာတို့ကိုခေါ်ယူဖို့ ကြိုးစားခဲ့သေးပေမယ့် လိဂ်ရဲ့စည်းမျဉ်းတွေနဲ့မကိုက်ညီတာကြောင့် ခေါ်ယူနိုင်ခဲ့ခြင်းမရှိပါဘူး။ ဒါကြောင့် အသင်းရဲ့တိုက်စစ်မှူး လူးဝစ်ဆွာရက်ဇ်ကိုယ်တိုင် မေဂျာလိဂ်ရဲ့စည်းမျဉ်းတွေအပေါ် ဝေဖန်မှုပြုလုပ်ထားခဲ့ပါတယ်။

အသင်းရဲ့စူပါစတား မက်ဆီရဲ့အနာဂတ်နဲ့ပတ်သက်ပြီးတော့လည်း မာရှေယာနိုက "သူ ဒီမှာပျော်နေပါတယ်။ သူ့ဘဝအတွက် ပျော်စရာကောင်းတဲ့နေရာတစ်ခုကို ရောက်နေသလိုပါပဲ။ အခြားအသင်းတွေမှာဆိုရင် သူ့အတွက် အခုလောက်အထိအဆင်မပြေနိုင်ပါဘူး။ ဒါပေမယ့် သူဒီမှာ ဘယ်လောက်ကြာကြာဆက်နေမလဲဆိုတာကတော့ သူ့ရဲ့ဆုံးဖြတ်ချက်အပေါ်မှာပဲမူတည်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။ 

ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကစားပြီးနောက် ယခုအခါမှာ မေဂျာလိဂ်ပြိုင်ပွဲကို ဆက်တိုက်ကစားနေရပေမယ့် အသင်းရဲ့ကြံ့ခိုင်မှုအခြေအနေက အားကောင်းနေကြောင်းကိုလည်း မာရှေယာနိုက "အသင်းက အကောင်းဆုံးအခြေအနေမှာမရှိပေမယ့် ကျွန်တော်တို့စိုးရိမ်တာက အဲဒါမဟုတ်ပါဘူး။ အသင်းရဲ့လူစာရင်းမှာပါဝင်တဲ့ကစားသမားတိုင်းက ၁၀၀ ရာခိုင်နှုန်း ကစားဖို့အဆင်သင့်ဖြစ်ကြပါတယ်"

"ကျွန်တော်တို့က တစ်ပွဲစာအတွက်ပြင်ဆင်နေတာမျိုးမဟုတ်ဘဲ ၁၀ ရက်အတွင်းကစားရမယ့် ၃ ပွဲစာအတွက် ပြင်ဆင်မှုပြုလုပ်နေခဲ့တာပါ။ အချိန်တွေကို အကျိုးရှိရှိအသုံးချပြီး လူစာရင်းကိုလည်း အပြောင်းအလဲလေးတွေပြုလုပ်ဖို့ စိတ်ကူးထားပါတယ်။ မက်ဆီအနေနဲ့ ကစားဖို့အဆင်သင့်ဖြစ်နေရင် အသင်းရဲ့ပွဲတိုင်းမှာ ပါဝင်ကစားနိုင်မှာပါ" လို့ပြောကြားခဲ့ပါတယ်။ အင်တာမီယာမီဟာ ကြာသပတေးနေ့မှာ နယူးအင်္ဂလန်နဲ့ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး အဆိုပါပွဲစဉ်အပြီး တနင်္ဂနွေနေ့မှာတော့ နာရှဗီလီကို အိမ်ကွင်းမှာ ဧည့်ခံကစားသွားရပါမယ်။