
ချန်ပီယံလိဂ်ဝင်ခွင့်ရပြီးနောက် ဝေဖန်မှုတွေကို ပြန်လည်တုံ့ပြန်လာတဲ့ ကိုဝဲလ်
တနင်္ဂနွေနေ့ညက ယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်ရာသီပိတ်ပွဲစဉ်မှာ နော်တင်ဟမ်ဖောရက်စ်ကို ၀-၁ နဲ့အနိုင်ယူကာ နောက်ရာသီအတွက် ချန်ပီယံလိဂ်ဝင်ခွင့်ရရှိခဲ့ပြီးနောက် ချဲလ်ဆီးနောက်ခံလူ လီဗိုင်ကိုဝဲလ်က ဝေဖန်သူတွေကို ပြန်လည်တုံ့ပြန်လာခဲ့ပါတယ်။
ယခုပွဲစဉ်မှာ ချဲလ်ဆီးအတွက် တစ်လုံးတည်းသောအနိုင်ဂိုးကို ကိုဝဲလ်က သွင်းယူပေးခဲ့တာဖြစ်ပြီး အသင်းကို အမှတ်ပေးဇယားရဲ့ အဆင့် ၄ နေရာမှာ ရပ်တည်စေခဲ့ပါတယ်။ ပွဲအပြီးမှာတော့ အင်္ဂလန်လက်ရွေးစင်က အသင်းအား အနုတ်သဘောဆောင်တဲ့ ဝေဖန်ကဲ့ရဲ့မှုတွေကို တုံ့ပြန်မှုပြုလုပ်လာခဲ့တာဖြစ်ပါတယ်။
ကိုဝဲလ်က "ကျွန်တော်တို့ကို ဒီရာသီမှာ လူတိုင်းက မကောင်းတာတွေချည်းပဲ ပြောနေခဲ့ကြပါတယ်။ ဒါပေမယ့် အခုတော့ ကျွန်တော်တို့ ရောက်သင့်တဲ့နေရာမှာ ပြန်ရောက်နေပါပြီ" လို့ပြောကြားခဲ့ပါတယ်။ ယခုနှစ်ရာသီအတွင်း ချဲလ်ဆီးဟာ ပရီးမီးယားလိဂ်မှတ်ပေးဇယားကို အနီးကပ်ဆုံးစိန်ခေါ်နိုင်ခဲ့သေးပေမယ့် နောက်ပိုင်းမှာ တည်ငြိမ်တဲ့ခြေစွမ်းမရှိတာကြောင့် တဖြည်းဖြည်းအဆင့်ကျလာခဲ့တာဖြစ်ပါတယ်။
ဘောလုံးဝေဖန်သုံးသပ်သူတွေက နည်းပြအန်ဇိုမာရက်စ်ကာနဲ့ ချဲလ်ဆီးကစားသမားတွေရဲ့ စွမ်းဆောင်ရည်အပေါ် မေးခွန်းထုတ်ဝေဖန်ခဲ့ကြပေမယ့် ယခုအခါမှာတော့ ချဲလ်ဆီးဟာ ဥရောပဝင်ခွင့်တစ်နေရာကို အမိအရ ဖမ်းဆုပ်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် မာရက်စ်ကာရဲ့အသင်းဟာ ယခုတစ်ပတ်အတွင်း ကွန်းဖရန့်လိဂ်ဗိုလ်လုပွဲလည်း ကစားရဖို့ရှိနေလို့ ဆုဖလားနဲ့ ရာသီသိမ်းနိုင်မလား စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။
ချဲလ်ဆီးဟာ ကွန်းဖရန့်လိဂ်ဗိုလ်လုပွဲစဉ်အဖြစ် လာမယ့် ကြာသပတေးနေ့မှာ ရီးရဲလ်ဘက်တစ်နဲ့ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး မာရက်စ်ကာအနေနဲ့ ချဲလ်ဆီးနည်းပြဘဝ ပထမဆုံးရာသီမှာပဲ ဆုဖလားတစ်လုံး စတင်သိမ်းပိုက်နိုင်မလား စောင့်ကြည့်ရပါမယ်။