အဲဗာတန်ကို ဂိုးမရှိသရေကျပြီးနောက် ချဲလ်ဆီးကစားသမားတွေကို အားပေးစကားပြောကြားလာတဲ့ မာရက်စ်ကာ
ချဲလ်ဆီးနည်းပြအန်ဇိုမာရက်စ်ကာက တနင်္ဂနွေနေ့ညက ယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အဲဗာတန်ကို စိတ်ပျက်စရာရလဒ်အဖြစ် ၀-၀ နဲ့သရေကျခဲ့ပေမယ့် အသင်းရဲ့ကစားသမားတွေကို ပြစ်တင်ပြောဆိုမှုတွေ ပြုလုပ်ခဲ့ခြင်းမရှိဘဲ အားပေးစကားသာပြောကြားလာခဲ့ပါတယ်။
ချဲလ်ဆီးအနေနဲ့ ယခုပွဲစဉ်မှာသာ အနိုင်ရခဲ့ပါက လီဗာပူးကို ခေတ္တကျော်တက်ပြီး ပရီးမီးယားလိဂ်အမှတ်ပေးဇယားကို ခဏတာဦးဆောင်ခွင့်ရဖို့ အခွင့်အရေးရှိခဲ့ပေမယ့် သရေရလဒ်သာရရှိခဲ့တာကြောင့် အခွင့်အရေးနဲ့လွဲချော်ခဲ့ပါတယ်။ ယခုပွဲစဉ်ရဲ့ ပထမပိုင်းမှာ မာရက်စ်ကာရဲ့အသင်းဟာ အခွင့်အရေးအချို့ဖန်တီးနိုင်ခဲ့ပေမယ့် ဂိုးအဖြစ်တော့ ပြောင်းလဲနိုင်ခဲ့ခြင်းမရှိလို့ ပြိုင်ပွဲစုံ ၈ ပွဲဆက်တိုက်အနိုင်ရရှိမှု ရပ်တန့်သွားခဲ့ပြီဖြစ်ပါတယ်။
ပွဲအပြီးမှာ မာရက်စ်ကာက ကစားသမားတွေကို အပြစ်မတင်ဘဲ အခုလိုပွဲစဉ်တွေကနေ သင်ခန်းစာယူသင့်ကြောင်း တိုက်တွန်းပြောကြားလာခဲ့ပါတယ်။ ယခုပွဲစဉ်အပြီး မြန်မာစံတော်ချိန် ည ၁၁ နာရီမှာကစားခဲ့တဲ့ တော့တင်ဟမ်နဲ့ လီဗာပူးတို့ပွဲစဉ်မှာတော့ လီဗာပူးက ၃-၆ ဆိုတဲ့ရလဒ်နဲ့ ဂိုးပြတ်အနိုင်ရခဲ့တာကြောင့် ချဲလ်ဆီးကို ၄ မှတ်အထိဖြတ်တောက်ကာ တစ်ပွဲလျော့အနေအထားနဲ့ အမှတ်ပေးဇယားကို ပြတ်ပြတ်သားသားဦးဆောင်ထားနိုင်ခဲ့ပြီဖြစ်ပါတယ်။
သတင်းစာရှင်းလင်းပွဲမှာ မာရက်စ်ကာက “ဒီပွဲနဲ့ပတ်သက်ပြီး ကျွန်တော့်မှာ စိုးရိမ်မှုရှိခဲ့ပါတယ်။ ဒီပွဲက နည်းနည်းခက်ခဲမယ်ဆိုတာသိခဲ့ပြီး ဒီကွင်းကလည်း ပရိယာယ်များတဲ့ ကွင်းပါ။ သူတို့ရဲ့ခံစစ်ကစားပုံက ထိပ်တန်းပါပဲ။ ဒါကြောင့် အခွင့်အရေးတွေဖန်တီးနိုင်ဖို့ ရုန်းကန်ရမယ်ဆိုတာ သိပါတယ်။ ဒီလိုပွဲမျိုးတွေကနေ ကျွန်တော်တို့ သင်ခန်းစာယူသွားရပါမယ်။ ဘောလုံးအားကစားမှာ ဘောလုံးကိုင်ပြီးကစားတတ်ဖို့သာမက ခံစစ်ကစားတတ်ဖို့ကလည်း အရေးကြီးပါတယ်။ ဒီနေ့ ကစားသမားတွေရဲ့စွမ်းဆောင်ရည်အတွက် အရမ်းဂုဏ်ယူပါတယ်”
“ဒီနေ့ပွဲက ပြီးခဲ့တဲ့ပွဲတွေကအခြေအနေနဲ့ မတူပါဘူး။ ဒါကို သင်ခန်းစာယူရပါမယ်။ လွယ်ကူတဲ့ပွဲစဉ်မဟုတ်ခဲ့ပေမယ့် ကစားသမားတွေအနေနဲ့ စည်းလုံးမှုကို ပြသနိုင်ခဲ့ပါတယ်။ ဒီလိုပွဲမျိုးတွေမှာ အခွင့်အရေးတွေ အများအပြားဖန်တီးနိုင်မှာမဟုတ်လို့ အဆုံးသတ်ပိုင်းသေချာဖို့လိုပါတယ်။ ပထမပိုင်းမှာ ဂျက်ဆန်အနေနဲ့ အခွင့်အရေးရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့ပါဘူး။ ဒါကြောင့် အခွင့်အရေးတွေကို အသုံးမချနိုင်ရင် ဒီလိုပွဲမျိုးမှာ ရုန်းကန်ရမှာသေချာပါတယ်” လို့ပြောကြားခဲ့ပါတယ်။
လာမယ့်ကြာသပတေးနေ့မှာတော့ ချဲလ်ဆီးဟာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဖူလ်ဟမ်ကို အိမ်ကွင်း စတန်းဖို့ဒ်ဘရစ်ချ်မှာ ဧည့်ခံကစားသွားရမှာဖြစ်ပြီး ဘောက်ဆင်ဒေးကာလ နိုင်ပွဲပြန်လည်ရယူသွားနိုင်မလား စောင့်ကြည့်သွားရပါမယ်။