
မာဒူကီကို အသင်းမှထွက်ခွာစေဖို့ တွန်းအားပေးခဲ့ခြင်းမရှိကြောင်း မာရက်စ်ကာပြောကြား
ချဲလ်ဆီးနည်းပြ အန်ဇိုမာရက်စ်ကာက အသင်းမှထွက်ခွာပြီး အာဆင်နယ်သို့ပြောင်းရွှေ့သွားတော့မယ့် တောင်ပံကစားသမား နိုနီမာဒူကီကို အသင်းမှထွက်ခွာစေဖို့ တွန်းအားပေးခဲ့ခြင်းမရှိကြောင်း ပြောကြားလာခဲ့ပါတယ်။ သောကြာနေ့သတင်းတွေအရ အာဆင်နယ်ဟာ မာဒူကီကို ပေါင် ၅၂ သန်းနဲ့ခေါ်ယူဖို့ ချဲလ်ဆီးနဲ့ သဘောတူညီမှုရထားခဲ့ပြီး ကစားသမားဟာ အမ်းမရိတ်စ်မှာ ၅ နှစ်သက်တမ်းရှိစာချုပ်တစ်ရပ်ကိုချုပ်ဆိုသွားမယ်လို့ သိရပါတယ်။
မာဒူကီဟာ အာတီတာလက်ထက် ချဲလ်ဆီးမှာ အာဆင်နယ်သို့ပြောင်းရွှေ့ခဲ့တဲ့ ၆ ယောက်မြောက်ကစားသမားဖြစ်လာခဲ့ပေမယ့် အာဆင်နယ်ပရိသတ်တွေကတော့ ယခုအပြောင်းအရွှေ့ကို သဘောတူညီကြခြင်းမရှိဘဲ ဆိုရှယ်မီဒီယာမှတစ်ဆင့် ဝေဖန်မှုတွေပြုလုပ်နေကြပါတယ်။
ပြီးခဲ့တဲ့ရာသီက မာဒူကီဟာ ချဲလ်ဆီးရဲ့ညာတောင်ပံမှာ ပုံမှန်နေရာရခဲ့ပြီး ပရီးမီးယားလိဂ်သွင်းဂိုး ၇ ဂိုးသွင်းယူကာ ဂိုဖန်တီးမှု ၃ ကြိမ်ပြုလုပ်နိုင်ခဲ့ပါတယ်။ ချဲလ်ဆီးအနေနဲ့ ယခုနွေရာသီအတွင်း အသင်းမှကစားသမားအချို့ကို ရောင်းချသွားဖို့ ပြင်ဆင်ထားပြီး မာဒူကီက အဆိုပါကစားသမားတွေထဲမှ တစ်ဦးဖြစ်ပါတယ်။
ယခုအခါမှာ မာရက်စ်ကာက “မာဒူကီက မကြာခင်မှာပဲ အသင်းသစ်ကိုပြောင်းရွှေ့သွားတော့မှာဖြစ်ပြီး လာမယ့် နာရီအနည်းငယ်မှာပဲ အပြောင်းအရွှေကို ကြေညာသွားမှာပါ။ သူ့ကို ပြိုင်ဘက်အသင်းဆီရောင်းလိုက်ရတာဖြစ်ပေမယ့် အသင်းမှာမနေချင်တဲ့ကစားသမားကို ဆက်ထိန်းထားဖို့က မန်နေဂျာတွေအတွက် ခက်ခဲပါတယ်။ အသင်းကနေထွက်ခွာဖို့ သူကိုယ်တိုင်ဆုံးဖြတ်ခဲ့တာဖြစ်ပြီး ဘယ်သူမှသူ့ကို တွန်းအားမပေးခဲ့ပါဘူး” လို့ပြောကြားခဲ့ပါတယ်။
လက်ရှိအချိန်မှာတော့ ချဲလ်ဆီးဟာ ပီအက်စ်ဂျီနဲ့ယှဉ်ပြိုင်သွားရမယ့် ကလပ်ကမ္ဘာ့ဖလားဗိုလ်လုပွဲအတွက် ပြင်ဆင်မှုတွေပြုလုပ်နေပြီး ဆုဖလားဆွတ်ခူးသွားနိုင်မလား စောင့်ကြည့်ရပါမယ်။