
ဝုဗ်နဲ့ပွဲမှာ အမှားလုပ်ခဲ့တဲ့ ဆန်းချက်ဇ်ကို အပြစ်တင်ခြင်းမရှိဘဲ ကာကွယ်ပြောဆိုခဲ့တဲ့ မာရက်စ်ကာ
ချဲလ်ဆီးနည်းပြ အန်ဇိုမာရက်စ်ကာဟာ ယနေ့နံနက်က ဝုဗ်ကို ၃-၁ နဲ့အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အမှားလုပ်ခဲ့တဲ့ အသင်းရဲ့ဂိုးသမား ရောဘတ်ဆန်းချက်ဇ်ကို အပြစ်တင်ခြင်းမရှိဘဲ လူတိုင်းအမှားလုပ်နိုင်ကြောင်း ကာကွယ်ပြောကြားခဲ့ပါတယ်။
ယခုပွဲစဉ်မှာ ချဲလ်ဆီးဟာ ၂၄ မိနစ်မှာရရှိခဲ့တဲ့ တိုဆင်ရဲ့သွင်းဂိုးနဲ့ ဝုဗ်ကို ဦးဆောင်နိုင်ခဲ့ပေမယ့် ပထမပိုင်းပြီးကာနီးမှာ ထောင့်ကန်ဘောခွင့်ပြုခဲ့ပြီး ဆန်းချက်ဇ်ရဲ့ပေါ့လျော့မှုမှတစ်ဆင့် ချေပဂိုးပြန်လည်ခွင့်ပြုခဲ့ရတာဖြစ်ပါတယ်။ ပေါင် ၂၅ သန်းတန်ဂိုးသမားဟာ ဘောလုံးကိုဖမ်းယူရာမှာ မိမိရရမဖြစ်ခဲ့ဘဲ လက်ထဲကနေလွတ်ကျခဲ့တာကြောင့် ဝုဗ်ဘက်က ချေပဂိုးပြန်လည်သွင်းယူသွားနိုင်ခဲ့တာဖြစ်ပါတယ်။
သို့သော်လည်း ဒုတိယပိုင်းမှာတော့ ချဲလ်ဆီးအတွက်အနိုင်ဂိုးတွေကို ကူကူရယ်လာနဲ့ မာဒူကီတို့က ထပ်မံသွင်းယူခဲ့တာကြောင့် မာရက်စ်ကာရဲ့အသင်းဟာ အိမ်ကွင်းစတန်းဖို့ဒ်ဘရစ်ချ်မှာ နိုင်ပွဲပြန်လည်ရရှိခဲ့ပါတယ်။ ပွဲအပြီးမှာ မာရက်စ်ကာက “ဒါက ဆန်းချက်ဇ်ရဲ့ ၄ ကြိမ်မြောက်အမှားလို့ပြောနေကြပါတယ်။ ဒါပေမယ့် သူကျွန်တော်တို့ကို ကယ်တင်ထားတာ ၄ ကြိမ်မကပါဘူး။ အမှားလုပ်တာပြဿနာမဟုတ်ပါဘူး။ တိုက်စစ်မှူးတွေ၊ နောက်ခံလူတွေနဲ့ ကွင်းလယ်ကစားသမားတွေလည်း အမှားလုပ်မိကြတာပါပဲ။ ဆန်းချက်ဇ်က အရမ်းကောင်းနေပါတယ်။ ကျွန်တော်တို့ကိုလည်း အများကြီးကယ်တင်ပေးထားနိုင်ပါတယ်။ တစ်ခါတလေအမှားလုပ်တာ ပြဿနာမဟုတ်ပါဘူး” လို့ပြောကြားခဲ့ပါတယ်။
ယခုပွဲစဉ်မှာ အသင်းအတွက် တတိယဂိုးကိုသွင်းယူပေးနိုင်ခဲ့တဲ့ မာဒူကီကိုတော့ မာရက်စ်ကာက ချီးကျူးပြောဆိုမှုမပြုလုပ်ခဲ့ဘဲ တိုးတက်ဖို့လိုအပ်နေသေးကြောင်း ပြောကြားလာခဲ့ပါတယ်။ အီတလီသားနည်းပြက “မာဒူကီအနေနဲ့ ပြိုင်ဘက်ဂိုးဧရိယာထဲမှာ အခုထက်ပိုပြီး တိုးတက်ဖို့လိုပါသေးတယ်။ သူက ဂိုးတစ်ဂိုးသွင်းပြီးနောက်ပိုင်းမှာ ရပ်တန့်သွားခဲ့ပါတယ်။ ဒါကြောင့် သူ့အနေနဲ့ ဂိုးသွင်းပြီးနောက်ပိုင်းမှာလည်း တိုးတက်မှုကိုပြသဖို့လိုပါတယ်။ ကစားသမားတွေ ၁ ဂိုး ၂ ဂိုးလောက်သွင်းရုံနဲ့ ကျွန်တော်မကျေနပ်ပါဘူး။ ကျွန်တော်တို့ကလည်း သူ့ကိုတိုးတက်လာစေဖို့ ကူညီပေးရပါမယ်။ ဂိုးသွင်းပြီးနောက်မှာ သူပင်ပန်းနေပုံရပါတယ်။ ဒါပေမယ့် သူ့အနေနဲ့ အသင်းအတွက် ပေးဆပ်သွားရမှာပါပဲ” လို့ပြောကြားခဲ့ပါတယ်။
ဒီဇင်ဘာ ၁၅ ရက်နေ့နောက်ပိုင်း ပထမဆုံးအကြိမ် ပရီးမီးယားလိဂ်မှာ နိုင်ပွဲပြန်လည်ရရှိခဲ့တဲ့ချဲလ်ဆီးဟာ လာမယ့်ဇန်နဝါရီလ ၂၆ ရက်နေ့မှာတော့ မန်စီးတီးကို အီတီဟတ်မှာသွားရောက်ရင်ဆိုင်ရပါမယ်။