
အင်္ဂလန်လူစာရင်းမှာ ဘာစီလိုနာစတားကို ဘာကြောင့်ရွေးချယ်ရလဲဆိုတာကို ရှင်းပြလိုက်တဲ့ တူချယ်
အင်္ဂလန်အသင်းနည်းပြ တူချယ်က လာမယ့်နိုင်ငံတကာရက်သတ္တပတ်မှာ ရက်ရှ်ဖို့ဒ်ကို ဘာကြောင့်ရွေးချယ်ရလဲဆိုတာကို ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
ဂျာမန်သားက လာမယ့်အန်ဒိုရာ ၊ ဆားဘီးယားတို့နဲ့ကန်မယ့်ပွဲတွေအတွက် အင်္ဂလန်အသင်းလူစာရင်းမှာ ဘာစီလိုနာစတားကို ထည့်သွင်းခဲ့တာဖြစ်ပြီး သူ့ရဲ့အလျင်နှုန်း နဲ့ ပြိုင်ဘက်ကို ခြိမ်းခြောက်နိုင်မှုတွေကြောင့် ခေါ်ယူခဲ့တာလို့ ပြောကြားလိုက်ပါတယ်။ ယူနိုက်တက်စတားဟောင်းနဲ့အတူ အင်္ဂလန်အသင်းလူစာရင်းမှာ နယူးကာဆယ်စတား ဂေါ်ဒွန် နဲ့ အာဆင်နယ်စတား အီဇီးတို့လည်း ပါဝင်လာပါတယ်။
ရက်ရှ်ဖို့ဒ်အနေနဲ့ လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားမှာပါဝင်ချင်တယ်ဆိုရင် စွမ်းဆောင်ရည်ကောင်းတွေပြသနိုင်ဖို့ လိုအပ်နေပါတယ်။
“ကျွန်တော့်မှာ အရမ်းကောင်းတဲ့လူအင်အားရှိတယ်လို့ ထင်ပါတယ်။ သူက ပထမဆုံးလေ့ကျင့်ခန်းအစီအစဉ်မှာ အရမ်းအရမ်းကြိုးစားပါတယ်။ ဗီလာမှာတုန်းကလည်း အကောင်းဆုံးပုံစံရှိနေခဲ့ပါတယ်။ ကျွန်တော် သူ့ကိုတိုက်တွန်းသလို အပေါင်းလက္ခဏာဆောင်တာတွေပဲပေးချင်ပါတယ်။ အခုတစ်ခေါက်မှာ သူ့ကိုအခွင့်အရေးပေးခဲ့ပါတယ်။ သူက ကျွန်တော်တို့ရဲ့ဒုတိယမြောက်လေ့ကျင့်ခန်းအစီအစဉ်ကို လွဲချော်ခဲ့ပါတယ်။
အခုတော့ သူ့အနေနဲ့ နိုင်ငံအသစ် ၊ လိဂ်အသစ်နဲ့အတူ ကြီးမားတဲ့ပြောင်းလဲမှုလုပ်နိုင်ခဲ့ပါတယ်။ ဘာစီလိုနာအတွက် သူပွဲတွေပါဝင်ထားပြီးပါပြီ။ ကျွန်တော် သူ့ကိုအဲ့လိုဆက်လုပ်စေချင်ပါတယ်။ ကျွန်တော်တို့ ဘယ်တောင်ပံနေရာအတွက် ကစားသမား ၃ ဦးရှိနေပါတယ်။ အဲ့အတွက် သေချာလေးစွမ်းဆောင်ရည်ကောင်းပြသနိုင်တဲ့သူက ပွဲထွက်ခွင့်ရမှာပါ။
မားကပ်စ်က တစ်ဦးချင်းကျော်ဖြတ်တာကောင်းသလို အဆုံးသတ်ပိုင်းမှာလည်း ဘယ်ခြေကော ညာခြေနဲ့ပါ အဆုံးသတ်နိုင်ပါတယ်။ သူ့ရဲ့အလျင်နှုန်းကလည်း ပြိုင်ဘက်ကို ခြိမ်းခြောက်နိုင်ပါတယ်။
အခုအဲ့လိုစွမ်းဆောင်ရည်မျိုးကို သူဆက်လက်ပြသနိုင်ဖို့ လိုအပ်ပါတယ်”လို့ တူချယ်က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။ ရက်ရှ်ဖို့ဒ်ဟာ ဆောက်ဂိတ်လက်အောက်မှာတုန်းက ပြီးခဲ့တဲ့နှစ်ယူရိုကိုလွဲချော်ခဲ့တာဖြစ်ပြီး တူချယ်လက်အောက်မှာတော့ ပြန်လည်အရွေးခံခဲ့ရတာဖြစ်ပါတယ်။
ယူနိုက်တက်စတားဟောင်းဟာ ဘာစီလိုနာအတွက် ၂ ပွဲပါဝင်ကစားထားကာ လာမယ့်ကမ္ဘာ့ဖလားမှာပါဝင်နိုင်ဖို့ ဒီရာသီဘာစီလိုနာနဲ့အတူ စွမ်းဆောင်ရည်ကောင်းတွေပြသနိုင်ဖို့ လိုအပ်နေပါတယ်။ အင်္ဂလန်သားဟာ လာမယ့်အန်ဒိုရာ ၊ ဆားဘီးယားတို့နဲ့ပွဲတွေမှာ ပွဲထွက်ခွင့်ရဖို့မျှော်လင့်နေပြီး အဆိုပါပွဲတွေမတိုင်ခင် ဘာစီလိုနာဟာ ဗယ်လက်ကာနိုအသင်းနဲ့ အဝေးကွင်းပွဲကန်ရဦးမှာဖြစ်ပါတယ်။