The network connection is lost.

Banner Image

ယူနိုက်တက်အသင်းဆီ အပြောင်းအရွှေ့ မဖြစ်ခဲ့ရတဲ့ အကြောင်းရင်းကို ပြောကြားလိုက်တဲ့ အမ်မီ မာတီနက်ဇ် ရဲ့ အစ်ကို

‘ဗီလာရဲ့ ဒီရေဂို မာရာဒိုနာ’ အဖြစ် တင်စားခေါ်ဝေါ်နေကြတဲ့ ဗီလာဂိုးသမား အမ်မီ မာတီနက်ဇ်က ယူနိုက်တက်အသင်းဆီ ပြောင်းရွှေ့ဖို့ အိပ်မက်ဟာ အဘယ်ကြောင့် အမှန်တကယ် မဖြစ်မြောက်ခဲ့ရကြောင်းကို သူ့ရဲ့ အစ်ကိုဖြစ်သူက ရှင်းပြခဲ့ပါတယ်။

ကမ္ဘာ့ဖလားဆုရှင် မာတီနက်ဇ်ဟာ ၂၀၂၄-၂၅ ရာသီအပြီးမှာ အသင်းကနေ ထွက်ခွာတော့မလို အရိပ်အယောင်တွေ ပြသခဲ့ပြီး ဒီနွေရာသီမှာ အသင်းကနေ အပြောင်းအရွှေ့တစ်ခု ပြုလုပ်နိုင်မယ်လို့ မျှော်လင့်ထားပုံရပါတယ်။

ယူနိုက်တက်အသင်းဆီ ပြောင်းရွှေ့ဖို့ သတင်းတွေ အပြင်းအထန်ထွက်ပေါ်ခဲ့ပေမယ့် အမှန်တကယ်တော့ အပြောင်းအရွှေ့တစ်ခုမှ ဖြစ်မလာခဲ့ဘဲ အသက် ၃၃ နှစ်အရွယ် ဂိုးသမားဟာ ဥရောပရဲ့ နောက်ဆုံးအပြောင်းအရွှေ့စျေးကွက် ပိတ်သိမ်းခဲ့ပြီးနောက်မှာလည်း နည်းပြ အူနိုင်း အမ်မရီရဲ့ အစီအစဉ်တွေမှာ ဆက်လက်ပါဝင်နေပါတယ်။

အလီဂျန်ဒရို မာတီနက်ဇ်က သူ့ရဲ့ညီဖြစ်သူဟာ ဗီလာအသင်းက ရောင်းချလိုခြင်းမရှိတဲ့အတွက် အသင်းမှာ ဆက်ရှိနေခဲ့တာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

DSports Radio သို့ မာတီနက်ဇ်ရဲ့ အစ်ကိုဖြစ်သူက ‘အမ်မီဟာ ပရော်ဖက်ရှင်နယ်တစ်ယောက်အနေနဲ့နဲ့ လူတစ်ယောက်အနေနဲ့လည်း အများကြီး ပေးဆပ်ခဲ့တာကြောင့် သူတို့က အမ်မီကို အရမ်းချစ်ကြတယ်လို့ ကျွန်တော့်ကို ပြောခဲ့ကြတယ်။ ဒါက ကွင်းထဲမှာလည်း မြင်တွေ့နိုင်ပါတယ်။ အသင်းဒါရိုက်တာတွေက သူ့ကို ရောင်းချချင်ခြင်း မရှိခဲ့ပါဘူး။ သူက အသင်းအတွက် အဓိကကစားသမားဖြစ်ပြီး၊ တခြားအသင်းကလည်း သူ့ကို လိုချင်နေခဲ့ပါတယ်။ ဒါက စီးပွားရေးဆိုင်ရာ အငြင်းပွားမှုတစ်ခုပါပဲ’

‘ဒါတွေက ကလပ်တာဝန်ရှိသူတွေရဲ့ ဆုံးဖြတ်ချက်တွေပါ။ အပြောင်းအရွှေ့က မဖြစ်ခဲ့ဘူး။ ဒါပေမဲ့ စီးပွားရေးမှာ တခြားအရာတွေလိုပဲ ဖြစ်ပါတယ်။ အားကစားဘက်ခြမ်းကတော့ အပြောင်းအရွှေ့ကိစ္စတွေကနေ အပြင်ဘက်မှာ ရှိနေပြီး အားလုံးအဆင်ပြေပါတယ်။ အမ်မီက အူနိုင်း အမ်မရီနဲ့ ဘယ်တုန်းကမှ အငြင်းအခုံမဖြစ်ခဲ့ပါဘူး။ အားလုံးက အသင်းရဲ့ စီမံခန့်ခွဲမှုအောက်မှာပဲ ရှိနေခဲ့ပြီး ကလပ်အသင်းတွေကလည်း သဘောတူညီမှု မရရှိခဲ့ပါဘူး’

‘ဗီလာအသင်းမှာ သူဟာ နာပိုလီရဲ့ ဒရေဂို မာရာဒိုနာပါပဲ။ သူဟာ ဗီလာမှာ အများကြီး ပေးဆပ်ခဲ့ပြီး၊ အဂူရိုက မန်စီးတီးမှာ ပေးဆပ်ခဲ့သလို၊ လီယို မက်ဆီကလည်း ဘာစီလိုနာမှာ ပေးဆပ်ခဲ့ပါတယ်။ သူတို့က ဂန္တဝင်ကစားသမားတွေပါပဲ။ သူ ဗီလာမှာ လုပ်ဆောင်ခဲ့တာတွေကို ကျော်လွန်ဖို့ဆိုတာ ခက်ခဲပါလိမ့်မယ်’ လို့ ပြောကြားခဲ့ပါတယ်။

မာတီနက်ဇ်ရဲ့ ဖခင် အယ်လ်ဘာတိုကလည်း ထင်ရှားကျော်ကြားတဲ့ အပြောင်းအရွှေ့မဖြစ်ခဲ့ရတဲ့ အကြောင်းရင်းနဲ့ ပတ်သက်ပြီး ‘ဒါက အလုပ်တစ်ခုပါပဲ။ ဒါက စက်ရုံတစ်ခုဖြစ်ပြီး စက်ရုံတွေမှာ ဝန်ထမ်းတွေ ရှိပါတယ်။ သူကလည်း တခြားဝန်ထမ်းတစ်ယောက်လိုပါပဲ။ သူ ကောင်းမွန်နေမယ်ဆိုရင် စက်ရုံက သူ့ကို လွှတ်ပေးမှာ မဟုတ်ပါဘူး။ အားလုံးက စီးပွားရေးပါပဲ။ မနက်ဖြန်တော့ ဖြစ်လာမှာပါ။ ဒီနေ့တော့ မဖြစ်ခဲ့ဘူး’ လို့ ထပ်ပေါင်းပြောကြားခဲ့ပါတယ်။

ဗီလာအသင်းဟာ မာတီနက်ဇ်ကို ၂၀၂၉ အထိ စာချုပ်ချုပ်ဆိုထားပြီး၊ လွယ်လွယ်နဲ့ လွှတ်ပေးဖို့ ဘယ်တုန်းကမှ စိတ်ကူးရှိခဲ့တာ မဟုတ်ပါဘူး။ ဗီလာရဲ့တောင်းဆိုမှုတွေ မပြည့်မီခဲ့တဲ့အတွက် တောင်အမေရိကသား ဂိုးသမားဟာ ၂၀၂၀ ခုနှစ်က အာဆင်နယ်အသင်းကနေ ပြောင်းရွှေ့လာခဲ့တဲ့ ကလပ်အသင်းနဲ့အတူ ပရီးမီးယားလိဂ်နဲ့ ယူရိုပါလိဂ်ပြိုင်ပွဲတွေမှာ ဆက်လက်ကစားနေမှာပဲ ဖြစ်ပါတယ်။