The network connection is lost.

Banner Image

အက်စတွန်ဗီလာက ပရီးမီးယားလိဂ်ချန်ပီယံဆုကို စိန်ခေါ်နိုင်စွမ်းမရှိသေးကြောင်း အမ်မရီပြော

တနင်္ဂနွေနေ့က မန်ချက်စတာယူနိုက်တက်ကို ၂-၁ နဲ့အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အပြီးမှာ အက်စတွန်ဗီလာနည်းပြ အူနိုင်းအမ်မရီက သူ့ရဲ့အသင်းဟာ အမှတ်ပေးဇယားရဲ့ အဆင့် ၃ နေရာမှာ ရပ်တည်နေပေမယ့် ချန်ပီယံဆုကိုတော့ စိန်ခေါ်နိုင်စွမ်းမရှိသေးကြောင်း ပြောကြားလာခဲ့ပါတယ်။ 

ယူနိုက်တက်နဲ့ပွဲစဉ်မှာ အက်စတွန်ဗီလာအတွက်ဂိုးတွေကို ကွင်းလယ်လူမော်ဂန်ရော်ဂျာတစ်ယောက်တည်းက သွင်းယူပေးခဲ့တာဖြစ်ပြီး အဆိုပါနိုင်ပွဲကြောင့် ဗီလာဟာ အမှတ်ပေးဇယားထိပ်ဆုံးကအာဆင်နယ်နဲ့ ရမှတ် ၃ မှတ်သာကွာဟနေပါတယ်။ 

သို့သော်လည်း အမ်မရီကတော့ "လက်တွေ့ကျကျကြည့်မယ်ဆိုရင် ကျွန်တော်တို့မှာ ကောင်းမွန်တဲ့စွမ်းဆောင်ရည်နဲ့ အလားအလာတွေရှိနေပါတယ်။ အာဆင်နယ်၊ မန်စီးတီးတို့လိုအသင်းတွေနဲ့လည်း တန်းတူကစားနိုင်ပါတယ်။ သူတို့ ဒီကွင်းမှာ ကျွန်တော်တို့နိုင်ခဲ့ဖူးပါတယ်။ ဒါပေမယ့် သူတို့မှာက နည်းစနစ်ပိုင်းရော၊ ကစားသမားပိုင်းမှာပါ ကျွန်တော်တို့ထက်ပိုမြင့်တဲ့အခြေအနေမှာရှိနေပါတယ်။ ကျွန်တော်တို့မှာလည်း ဒါတွေရှိပေမယ့် သူတို့နဲ့ယှဉ်လိုက်ရင်တော့ ချန်ပီယံဆုအတွက်ယှဉ်ပြိုင်ဖို့က အမှန်တရားနဲ့ ဝေးနေပါသေးတယ်"

"ကျွန်တော်တို့က ချန်ပီယံဆုကိုစိန်ခေါ်ဖို့ ယှဉ်ပြိုင်နေတာမဟုတ်ပါဘူး။ အဆင့် ၃ အထိရောက်လာတယ်ဆိုတာ ကျွန်တော်တို့ အရမ်းကောင်းခဲ့လို့ပါ။ ကစားသမားတွေက ပွဲစဉ်တိုင်းမှာ အာရုံစိုက်ပြီး ခြေစွမ်းတည်ငြိမ်အောင်ကြိုးစားနေကြပါတယ်။ ဒါပေမယ့် ချန်ပီယံဆုအတွက်မဟုတ်သေးပါဘူး။ ကျွန်တော်တို့ ဥရောပဝင်ခွင့်ရတဲ့နေရာတွေမှာ ၃ နှစ်လောက်အထိ တည်တည်ငြိမ်ငြိမ်ရှိခဲ့ပေမယ့် နှိမ့်ချဖို့လိုနေပါသေးတယ်။ အခုလို တည်ငြိမ်တဲ့ပုံစံနဲ့ဆက်သွားနိုင်ဖို့ အာရုံစိုက်ရပါမယ်" လို့ပြောကြားခဲ့ပါတယ်။ 

အသင်းအတွက် ၂ ဂိုးအထိသွင်းပေးခဲ့တဲ့ ရော်ဂျာနဲ့ပတ်သက်ပြီးတော့လည်း အမ်မရီက "သူ ပထမပိုင်းမှာ ကောင်းကောင်းမကစားနိုင်ခဲ့ပါဘူး။ ဂိုး ၁ ဂိုးသွင်းနိုင်ခဲ့ပေမယ့် သူ့ရဲ့စွမ်းဆောင်ရည်က သိပ်မကောင်းခဲ့ပါဘူး။ ဒါကြောင့် ပထမပိုင်းအပြီးမှာ ပိုပြီးအာရုံစိုက်ဖို့ သူ့ကိုပြောခဲ့ရပါတယ်။ ကျွန်တော်ကိုယ်တိုင် ရည်မှန်းချက်ကြီးတဲ့လူတစ်ယောက်ဖြစ်လို့ ကစားသမားတွေကိုလည်း ရည်မှန်းချက်ကြီးစေချင်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။