The network connection is lost.

Banner Image

အိုနာနာအနေနဲ့ ယူနိုက်တက်မှာ အချိန်အကြာကြီးကစားသင့်တယ်လို့ ပြောကြားလာတဲ့ ဗန်ဒါးဆား

မန်ချက်စတာယူနိုက်တက် ဂန္ထဝင်ဂိုးသမားဟောင်း အက်ဒ်ဝင်ဗန်ဒါးဆားက လက်ရှိအသင်းရဲ့ဂိုးသမား အန်ဒရေအိုနာနာအနေနဲ့ အိုးလ်ထရက်ဖို့ဒ်မှာ အချိန်အကြာကြီး ဆက်လက်နေထိုင်သွားသင့်တယ်လို့ အကြံပေးပြောကြားလာခဲ့ပါတယ်။ 

အင်တာမီလန်မှ ပေါင် ၄၈ သန်းနဲ့အိုးလ်ထရက်ဖို့ဒ်သို့ရောက်ရှိလာခဲ့တဲ့ အိုနာနာဟာ ယူနိုက်တက်ဂိုးသမားဘဝ အစပိုင်းမှာပဲ တသမတ်တည်းမရှိတဲ့ လက်စွမ်းနဲ့ အမှားအယွင်းတွေပြုလုပ်ခဲ့တာကြောင့် ဝေဖန်မှုတွေနဲ့ ကြုံတွေ့ထားခဲ့ရတာဖြစ်ပါတယ်။ ဒါ့အပြင် ကင်မရွန်းလက်ရွေးစင်အနေနဲ့ ယူနိုက်တက်အတွက် စစ်မှန်တဲ့ ဂိုးသမားဖြစ်ရဲ့လားဆိုတာလည်း မကြာခဏမေးခွန်းထုတ်ခံထားခဲ့ရပါတယ်။ 

မကြာသေးမီက ဘရိုက်တန်ကို ၁-၃ နဲ့ဂိုးပြတ်အရေးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာလည်း အိုနာနာဟာ လက်စွမ်းပြဖို့ရုန်းကန်ခဲ့ရပြီး ဝေဖန်မှုတွေနဲ့ ကြုံတွေ့ထားခဲ့ရတာဖြစ်ပါတယ်။ သို့သော်လည်း ဖူလ်ဟမ်ကို ၀-၁ နဲ့အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာတော့ အိုနာနာဟာ ဂိုးမပေးရအောင်စွမ်းဆောင်ပြီး ယူနိုက်တက်အတွက် Clean Sheet ရယူပေးနိုင်ခဲ့ပါတယ်။ 

ဝေဖန်မှုတွေနဲ့ပြည့်နှက်နေတဲ့ အိုနာနာကို ယခုအခါမှာတော့ ဗန်ဒါးဆားက ကာကွယ်ပြောဆိုလာခဲ့ပြီး အသက်-၂၈ နှစ်အရွယ်ကစားသမားအနေနဲ့ အိုးလ်ထရက်ဖို့ဒ်မှာ ကာလရှည်နေထိုင်သွားသင့်တယ်လို့ ထောက်ခံပြောကြားလာခဲ့ပါတယ်။ 

ဗန်ဒါးဆားက “အခုချိန်မှာ အိုနာနာရဲ့အကြောင်းကို ပြောဖို့ကစောပါသေးတယ်။ ဒါပေမယ့် သူ့ရဲ့ကစားသမားဘဝက အရမ်းကောင်းခဲ့ပါတယ်။ အခုလည်း အတွေ့အကြုံတွေအများကြီးရယူနေပါပြီ။ သူ့မှာ ဂိုးသမားတစ်ယောက်ရှိသင့်ရှိထိုက်တဲ့ အရည်အသွေးတွေအားလုံးပြည့်စုံပါတယ်။ လာမယ့် ၅ နှစ် ၆ နှစ်အတွင်းမှာလည်း သေချာပေါက်တိုးတက်လာဦးမယ်ဆိုတာ ကျွန်တော်ခန့်မှန်းလို့ရပါတယ်။ သူ့မှာ ယူနိုက်တက်ဂိုးသမားအဖြစ် အချိန်အကြာကြီးနေထိုင်သွားဖို့ စစ်မှန်တဲ့စိတ်ဓာတ်လည်းပိုင်ဆိုင်ထားပါတယ်” လို့ပြောကြားခဲ့ပါတယ်။ 

ယနေ့နံနက်က စတူအာဘူခါရက်စ်ကို ၀-၂ နဲ့အနိုင်ရခဲ့တဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာတော့ အိုနာနာဟာ ယူနိုက်တက်အတွက် ပွဲထွက်ခွင့်မရခဲ့ဘဲ နည်းပြရူဘင်အာမိုရင်က အယ်လ်တေးဘယင်ဒါကို အလှည့်ကျပွဲထုတ်ခဲ့တာဖြစ်ပါတယ်။သို့သော်လည်း လာမယ့်တနင်္ဂနွေနေ့ ခရစ္စတယ်ပဲလေ့စ်နဲ့ယှဉ်ပြိုင်သွားရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မှာတော့ အိုနာနာအနေနဲ့ ယူနိုက်တက်အတွက် ပြန်လည်ပွဲထွက်ပါဝင်ကစားလာမှာဖြစ်ပါတယ်။