The network connection is lost.

Banner Image

အရေးကြီးပွဲစဉ်အတွက် အသင်းလူစာရင်းမှ ချန်လှပ်ထားခြင်းခံရတဲ့ ဂျက်ဂရီးလစ်ရှ်

ပက်ဂွါဒီယိုလာက ဖူလ်ဟမ်နဲ့ရင်ဆိုင်ရမယ့် ရာသီပိတ်အရေးကြီးပွဲစဉ်အတွက် မန်စီးတီးအသင်းလူစာရင်းမှ ဂျက်ဂရီးလစ်ရှ်ကို ဖယ်ရှားခဲ့ပြီးနောက် တောင်ပံကစားသမားရဲ့အနာဂတ်ဟာ ထင်ကြေးပေးမှုမျိုးစုံနဲ့ ပြည့်နှက်လာခဲ့ပါတယ်။

ဂျက်ဂရီးလစ်ရှ်က အခုနွေရာသီကာလအတွင်း ကလပ်အသင်းနဲ့ဆွေးနွေးမှုတွေပြုလုပ်ဖို့ စီစဉ်ထားပေမယ့် ကရာဗန်ကော့တေ့ချ်ကွင်းပွဲစဉ်အတွက် သူ့ကိုချန်လှပ်ထားမှုက သူ့ရဲ့အနာဂတ်ဟာ အခြားတစ်နေနေရာမှာသာ ရှိနေပြီဆိုတာကိုပြသတဲ့ နောက်ဆုံးလက္ခဏာတစ်ရပ် ဖြစ်လာပါတယ်။ ဒီပွဲစဉ်အတွင်း မန်စီးတီးက လာမယ့်ရာသီ၊ ချန်ပီယံလိဂ်ပြိုင်ပွဲဝင်ခွင့်ရရှိရေးအတွက် အနည်းဆုံးသရေတစ်မှတ်ရရှိဖို့ လိုအပ်နေပါတယ်။ ဂရီးလစ်ရှ်ကိုယ်တိုင်လည်း ခရစ္စတယ်ပဲလေ့စ်ကို အရေးနိမ့်ခဲ့တဲ့ အက်ဖ်အေဖလားဖိုင်နယ်ပွဲစဉ်အတွင်း အရန်ခုံတန်းမှာပဲ အချိန်ကုန်ခဲ့ပါတယ်။

၂၀၂၂-၂၀၂၃ ဘောလုံးရာသီ၊ မန်စီးတီးအသင်းရဲ့ဆုဖလားသုံးလုံးအောင်ပွဲမှာ အဓိကအခန်းကဏ္ဍတစ်ခုအဖြစ် ပါဝင်ခဲ့ပြီးနောက်ပိုင်း ဂရီးလစ်ရှ်က ပုံမှန်စွမ်းဆောင်ရည်ကောင်းပြသနိုင်ဖို့ ရုန်းကန်ခဲ့ရပါတယ်။ အခုရာသီ၊ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာလည်း တစ်ပွဲသာ ပွဲထွက်ခွင့်ရရှိခဲ့တဲ့ တောင်ပံကစားသမားရဲ့ လာမယ့်ဇွန်လ၊ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲပါဝင်ကစားနိုင်ရေးမျှော်လင့်ချက်လည်း လတ်တလောမှာ ဝေဝါးလာခဲ့ပါပြီ။ ဒါ့အပြင် သောမတ်စ်တူချယ်ရွေးချယ်ခဲ့တဲ့ အင်္ဂလန်လက်ရွေးစင်အသင်းနောက်ဆုံးလူစာရင်းမှာလည်း ဂရီးလစ်ရှ် မပါဝင်လာခဲ့ပါဘူး။

ဂရီးလစ်ရှ်ကိုယ်တိုင်လည်း ဖလားသုံးလုံးချန်ပီယံအောင်ပွဲရရှိပြီးနောက်ပိုင်း စိတ်ဓါတ်လှုံ့ဆော်မှုတွေရရှိဖို့ ရုန်းကန်နေရတယ်လို့ ဝန်ခံခဲ့ပါတယ်။ ဒီလိုကျဆင်းမှုတွေရှိနေပေမယ့် တောင်ပံကစားသမားကို နွေရာသီမှာ ခေါ်ယူဖို့ဆိုရင် ပြောင်းရွှေ့ကြေးမြင့်မြင့်မားမားပေးချေသွားရနိုင်ပါတယ်။ ကျက်စားရာနေရာသစ်ရှာဖွေခြင်းကပဲ စိတ်ခွန်အားတွေပြန်လည်ဖြည့်တင်းဖို့ လိုအပ်နေတဲ့ ဂရီးလစ်ရှ်အတွက် တွန်းအားတစ်ခု ဖြစ်ကောင်းဖြစ်လာနိုင်ပါတယ်။ သူ့ရဲ့အပြောင်းအရွှေ့သာ တကယ်ဖြစ်မြောက်လာမယ်ဆိုရင် ၂၀၂၁ ခုနှစ်မှာ သူ့အတွက် မန်စီးတီးအသင်းသုံးစွဲခဲ့ရတဲ့ စံချိန်တင်ပြောင်းရွှေ့ကြေးပေါင်သန်း ၁၀၀ အောက် နည်းပါးတဲ့စရိတ်ငွေပမာဏနဲ့သာ ဖြစ်လာနိုင်ပါလိမ့်မယ်။