The network connection is lost.

Banner Image

ရီးရဲလ်မက်ဒရစ်ရဲ့ပါတီပွဲကို ဖျက်ဆီးပစ်ဖို့ ဒေါ့မွန် အဆင့်သင့်ဖြစ်နေပြီလို့ ဆိုလိုက်တဲ့ နည်းပြတာဇစ်

လာမယ့်စနေနေ့၊ ဝင်ဘာလေကွင်း ပွဲစဉ်အတွင်း ရီးရဲလ်မက်ဒရစ်ရဲ့ ချန်ပီယံလိဂ်ဖိုင်နယ်နိုင်ပွဲဆက်နေမှုကို ရပ်တန့်ပစ်လိုက်နိုင်မယ်လို့ ဒေါ့မွန်နည်းပြ အီဒင်တာဇစ်က ယုံကြည်နေပါတယ်။

ဥရောပဖလားပြိုင်ပွဲမှ ချန်ပီယံလိဂ်ပြိုင်ပွဲအဖြစ် ပြောင်းလဲခဲ့တဲ့ ၁၉၉၂ ခုနှစ်နောက်ပိုင်း ရီးရဲလ်မက်ဒရစ်က ချန်ပီယံလိဂ်ဗိုလ်လုပွဲအဆင့်ဆီ ရှစ်ကြိမ်တက်ရောက်ကာ နိုင်ပွဲရယူနိုင်ခဲ့ပါတယ်။ ဒါက နောက်ဆုံးဘောလုံးရာသီ ၁၀ ခုအတွင်း ချန်ပီယံလိဂ်ဆုဖလားကို ငါးကြိမ်ဆွတ်ခူးနိုင်ခြင်းလည်း ဖြစ်လို့ မက်ဒရစ်အခြေစိုက်ကလပ်က ဥရောပချန်ပီယံအဖြစ် ၁၄ ကြိမ်တိုင်တိုင် အောင်ပွဲရယူနိုင်တဲ့ မှတ်တမ်းကို ဂုဏ်ယူဖွယ် ပိုင်ဆိုင်ထားပါတယ်။

တာဇစ်ကတော့ စံချိန်ဆိုတာ ချိုးဖျက်ပစ်ဖို့ဖြစ်ပေမယ့် ဒေါ့မွန်အနေဖြင့် အမြင့်ဆုံးအဆင့်အထိ စွမ်းဆောင်နိုင်ရန် လိုအပ်လိမ့်မယ်လို့ ပြောခဲ့ပါတယ်။

တာဇစ်က “ကျွန်တော်တို့မှာ ဆုဖလားကြီးတွေကို ဆွတ်ခူးနိုင်စွမ်းရှိတယ်ဆိုတဲ့ ယုံကြည်ချက်မျိုး ရှိနေရပါမယ်။ ဒေါ့မွန်ဆီ ဆုဖလားတွေ ပြန်လည်သယ်ဆောင်လာဖို့ ကျွန်တော်တို့တွေ အရာရာတိုင်း ရင်းနှီးမြှုပ်နှံသွားရပါမယ်။ ဆုဖလားအောင်ပွဲတွေမရခဲ့တာ အချိန်တော်တော်ကြာခဲ့ပါပြီ”လို့ ပြောပါတယ်။

ဒေါ့မွန်က ၁၉၉၇ ခုနှစ်မှာ ဥရောပချန်ပီယံအဖြစ် အောင်ပွဲခံခဲ့ဖူးသလို ၂၀၁၃ ခုနှစ်မှာလည်း ဗိုလ်လုပွဲအဆင့်ဆီ ရောက်ရှိခဲ့ဖူးပါတယ်။ ၂၀၁၃ ခုနှစ်ပြိုင်ပွဲမှာတော့ ပြည်တွင်းလိဂ်ပြိုင်ဘက် ဘိုင်ယန်မြူးနစ်ကို ရှုံးနိမ့်ကာ ဆုဖလားအောင်ပွဲနဲ့ ဝေးကွာခဲ့ရပါတယ်။

တာဇစ်က “အရေးအကြီးဆုံးအရာကတော့ ချန်ပီယံလိဂ်ဖလားကို ရယူချင်တယ်ဆိုရင် ချန်ပီယံတွေကို အနိုင်ယူရမယ်ဆိုတာပဲ ဖြစ်ပါတယ်။ အခုအချိန်မှာ ကျွန်တော်တို့က တကယ့်ချန်ပီယံအစစ်အမှန်တွေနဲ့ ရင်ဆိုင်ရပါတော့မယ်။ သူတို့မှာ ဒီလိုအတွေ့အကြုံမျိုး ၁၄ ကြိမ်တိုင်တိုင်ရှိပါတယ်။ နောက်ဆုံး ၁၀ နှစ်အတွင်းမှာလည်း ငါးကြိမ်တိုင် ချန်ပီယံလိဂ်ချန်ပီယံအဖြစ် အောင်ပွဲခံခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ရည်မှန်းချက်ကလည်း တစ်ပွဲထဲနဲ့ ဒီစံချိန်မှတ်တမ်းတွေကို အပြတ်ရိုက်ချိုးပစ်လိုက်ဖို့ ဖြစ်ပါတယ်။ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ရှစ်ကြိမ်တိုင် တက်ရောက်ပြီး ဘယ်ဗိုလ်လုပွဲမှာမှ မရှုံးနိမ့်ခဲ့ပါဘူး။ ဒါပေမယ့် တကယ်အရေးကြီးတဲ့အရာက ပြီးခဲ့တဲ့ရှစ်ကြိမ်မှာ ဖြစ်ပျက်ခဲ့တဲ့အရာတွေ မဟုတ်ပါဘူး၊ အခုနောက်ဆုံးအကြိမ်မှာ ဖြစ်လာမယ့်အရာတွေပါပဲ။ အခုလိုနိုင်ပွဲဆက်မှတ်တမ်းကို ရပ်တန့်ပစ်လိုက်ဖို့ အချိန်တန်ပါပြီ”လို့ ဆက်ပြောခဲ့ပါတယ်။

ဒေါ့မွန်က အခုဘောလုံးရာသီကို ဘွန်ဒက်စ်လီဂါအမှတ်ပေးဇယားအဆင့်-၅ နေရာဖြင့် ရာသီသိမ်းခဲ့ပြီး လာမယ့်ရာသီချန်ပီယံလိဂ်ဝင်ခွင့်ရရှိဖို့ ခက်ခက်ခဲခဲကြိုးပမ်းခဲ့ရပါတယ်။ ၂၀၂၃ ခုနှစ်မှာတော့ သူတို့တွေက အမှတ်ပေးချန်ပီယံဆုအတွက် ပြိုင်ဘက်ဖြစ်လာခဲ့ပြီး ရာသီပိတ်နောက်ဆုံးပွဲစဉ်မှသာ လိဂ်ချန်ပီယံဆုနဲ့ ကပ်လွဲသွားခဲ့ရပါတယ်။ ဒါပေမယ့် တာဇစ်ကတော့ လွန်ခဲ့တဲ့တစ်နှစ်တာကာလ ခါးသီးတဲ့အတွေ့အကြုံတွေဟာ အခုဘောလုံးရာသီ၊ အသင်းရဲ့အောင်မြင်မှုကို အထောက်အကူဖြစ်စေခဲ့တယ်လို့ ဆိုပါတယ်။

“ကျွန်တော့်ဘဝကို အဲ့ဒီလိုနာကျင်စရာတွေမပါဘဲ တည်ဆောက်သွားရလိမ့်မယ်လို့ အဲ့ဒီအချိန်တုန်းက ကျွန်တော်ပြောခဲ့ဖူးပါတယ်။ ဒါပေမယ့် ကျွန်တော်တို့အသင်းရဲ့အခုလိုအောင်မြင်မှုလမ်းကြောင်းက အဲ့ဒီနေ့မှာပဲ စတင်ခဲ့ရတာပါ။ ဘွန်ဒက်စ်လီဂါရာသီပိတ်နာကျင်စရာပွဲစဉ်အပြီး ခံစားခဲ့ရတဲ့ ပရိသတ်တွေနဲ့အတူ တစ်နှစ်အကြာမှာ ကျွန်တော်တို့တွေ လန်ဒန်မြို့ဆီ ထွက်ခွာလာကြပါပြီ။ ကျွန်တော်တို့ကို ဆက်လက်ထောက်ခံအားပေးပြီး သီချင်းတွေ နာရီနဲ့ချီအောင် သီဆိုနေကြပါ။ ဒါက တစုံတခုပြန်လည်ပေးဆပ်ရမယ့် အချိန်ဖြစ်ပါတယ်။ ကျွန်တော်တို့မှာ နောက်တစ်ကြိမ်အတူတကွအောင်ပွဲခံခွင့် ရှိလာလိမ့်မယ်လို့ မျှော်လင့်မိပါတယ်”လို့ တာဇစ်က ဆက်ပြောခဲ့ပါတယ်။